

(မှုခင်း) မတ် ၂၈
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဓားဦးချွန်များ ကိုင်ဆောင်ထားသူ အမျိုးသား ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နယ်မြေလှည့်ကင်းဆောင်ရွက်နေသော ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်မြင့်ရပ်ကွက်၊ မန်ကျည်းပင်ပေါက်လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ကံဦး (ခ) မိုးပွင့် (၂၇ နှစ်) ကို စစ်ဆေးရာ ၎င်း၏ခါးတွင် ဖုံးကွယ်သယ်ဆောင်ထားသော အသွား ၈ လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ (ပ)၃၅/၂၀၂၆ ဖြင့် အမှုဖွင့်ကာ လက်နက်ဥပဒေပုဒ်မ ၂၃(က) အရ အရေးယူထားကြောင်း သိရသည်။ထို့အပြင် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ထိန်ကုန်းရပ်ကွက်၊ လမ်းသွယ် (၉) အတွင်း မသင်္ကာဖွယ်တွေ့ရှိသူ ကျော်ကျော်ဦး (ခ) ကျော်ဦး (၃၆ နှစ်) ကို စစ်ဆေးရာ ၎င်းထံမှ အသွား ၂၄ လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းအမှုနှင့်ပတ်သက်၍လည်း ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ (ပ)၃၆/၂၀၂၆ ဖြင့် လက်နက်ဥပဒေပုဒ်မ ၂၃(က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။