
(ပြည်တွင်း) မတ် ၂၈
စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်၏ စက်စွမ်းအားအလိုက် သတ်မှတ်ထားသည့် ပမာဏအတိုင်း စိစစ်ရောင်းချမှုကို Online Monitoring Center မှ အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်း ကြပ်မတ်လျက်ရှိကြောင်း သိရသည်။ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် အရောင်းဆိုင်များ၌ ယာဉ်တန်းစီရမှု လျှော့ချနိုင်ရေးအတွက် Bar Code/QR Code စနစ်ကို အဆင့်မြှင့်တင်အသုံးပြုကာ စက်သုံးဆီရောင်းချမှုကို မတ်လ ၂၇ ရက်နေ့မှ စတင်၍ အဆိုပါမြို့များတွင် ဆောင်ရွက်လျက်ရှိသည်။ထိုကဲ့သို့ ဆောင်ရွက်နေမှုများကို စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ Online Monitoring Center တွင် အွန်လိုင်းစနစ်ဖြင့် စောင့်ကြည့်ထိန်းကျောင်းမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါ Bar Code/QR Code စနစ်ကို ရန်ကုန်–မန္တလေးလမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များအပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ဆက်လက်တိုးချဲ့အသုံးပြုနိုင်ရန် သင်တန်းများ ပေးအပ်လျက်ရှိကြောင်း သိရသည်။ထို့အပြင် QR Code စနစ်ဖြင့် Scan ဖတ်ယူရန် အခက်အခဲရှိသော ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များအတွက်လည်း မှတ်တမ်းတင်ကာ လိုအပ်သည့် စက်သုံးဆီများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။စက်သုံးဆီအရောင်းဆိုင်များတွင် လိုအပ်သည့်ပမာဏအတိုင်း လုံလောက်စွာရှိနေသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ လိုအပ်သလောက်သာ ဝယ်ယူကြရန် စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းထားသည်။စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများ ကြုံတွေ့ပါက တိုင်ကြားနိုင်ရန် Call Center ကိုလည်း ဖွင့်လှစ်ထားပြီး အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။