
(နိုင်ငံတကာ)မတ် ၂၈
အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့ စတင်ခဲ့သည့် စစ်ပွဲသည် ဒုတိယလထဲသို့ ကူးပြောင်းလာချိန်တွင် အီရန်က ဆော်ဒီအာရေးဗီးယားရှိ အမေရိကန်လေတပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အမေရိကန်စစ်သည် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
ဆော်ဒီရှိ ပရင့်စ်ဆူလ်တန် (Prince Sultan) လေ တပ်စခန်းကို အီရန်က ဘော်လစ်စတစ်ဒုံးကျည် အနည်းဆုံး ၆ စင်းနှင့် ဒရုန်း ၂၉ စင်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Associated Press (AP) သတင်းဌာနက ဖော်ပြသည်။ ဒဏ်ရာရရှိခဲ့သည့် အမေရိကန်စစ်သည်များအနက် ၅ ဦးမှာ “စိုးရိမ်ရသည့် အခြေအနေ” တွင် ရှိနေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ AP က ဆိုသည်။
တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် စစ်သည်များသည် စခန်းအတွင်းရှိ အဆောက်အအုံတစ်ခုထဲ၌ ရှိနေကြကြောင်း Wall Street Journal က ဖော်ပြသည်။ Reuters သတင်းဌာနကမူ အနည်းဆုံး စစ်သည် ၁၂ ဦး ဒဏ်ရာရပြီး ၂ ဦးမှာ စိုးရိမ်ရသည်ဟု ဆိုသည်။
အီရန်ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Ebrahim Zolfaghari က စနေနေ့တွင် ဗီဒီယိုဖြင့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် အီရန်၏ တိုက်ခိုက်မှုကြောင့် အမေရိကန်၏ လေယာဉ်ဆီဖြည့်လေယာဉ်တစ်စီးမှာ “လုံးဝပျက်စီးသွားခဲ့ပြီး” အခြားလေယာဉ် ၃ စီးမှာလည်း ထိခိုက်ပျက်စီးကာ အသုံးပြု၍မရတော့ကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံ၏ အင်္ဂလိပ်ဘာသာသုံး သတင်းဌာနဖြစ်သော Press TV က ထုတ်ပြန်လိုက်သည့် ဂြိုဟ်တုဓာတ်ပုံများတွင် အီရန်၏ တိုက်ခိုက်မှုအပြီး လေတပ်စခန်းအတွင်းရှိ လေယာဉ်အများအပြား ပျက်စီးနေ သည်ကို တွေ့မြင်ရသည်။ အဆိုပါစခန်းသည် ယခုအပတ်အတွင်းမှာပင် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ယခင်တိုက်ခိုက်မှုတစ်ခုတွင်လည်း အမေရိကန်စစ်သည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ဖူးသည်။
အဆိုပါ လေတပ်စခန်းသည် ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ မြို့တော် ရီယာ့ဒ် (Riyadh) မှ ၉၆ ကီလိုမီတာ (မိုင် ၆၀) ခန့်အကွာတွင် တည်ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်း၍ အီရန်နိုင်ငံအပေါ် စတင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများတွင် အခြေစိုက်စခန်းအဖြစ် အသုံးခံခဲ့သော ပင်လယ်ကွေ့နိုင်ငံများကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် သောကြာနေ့ညနှောင်းပိုင်းက အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် နောက် ဆုံးအကြိမ် တိုက်ခိုက်မှုများတွင် ဘူရှာ (Bushehr) နျူကလီးယားစက်ရုံကို ပစ်မှတ်ထားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
၎င်းတိုက်ခိုက်မှုသည် ၁၀ ရက်အတွင်း တတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်း ဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုနှင့် လူသေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း အီရန်အဏုမြူစွမ်းအင်အဖွဲ့ (AEOI) က ထုတ်ပြန်ထားသည်။ စက်ရုံအတွင်း နည်းပညာပိုင်းဆိုင်ရာ အနှောင့်အယှက် တစ်စုံတစ်ရာလည်း မရှိခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။
အီရန်နှင့် စစ်ပွဲစတင်ချိန်မှစ၍ အမေရိကန်စစ်သည် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပြီး (၇ ဦးမှာ ပင်လယ်ကွေ့ဒေသတွင်ဖြစ်ပြီး ၆ ဦးမှာ အီရတ်တွင် ဖြစ်သည်)။ စစ်သည် ၃၀၀ ကျော်မှာလည်း ဒဏ်ရာရရှိထားသည်။
အီရန်အစိုးရက ထိခိုက်ကျဆုံးမှုစာရင်းကို အသစ်ပြင်ဆင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အမေရိကန်အခြေစိုက် HRANA လူ့အခွင့်အရေးအဖွဲ့၏ မတ်လ ၂၃ ရက် ထုတ်ပြန်ချက်အရ အီရန်စစ်သည် ၁,၁၆၇ ဦး သေဆုံးခဲ့ပြီး ၆၅၈ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
#BreakingNews #PrinceSultanBase #IranAttack #USMilitary #MiddleEastWar #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN