“ရှမ်းပြည်နယ်လွှတ်တော် ဒုတိယနေ့အစည်းအဝေး ကျင်းပ—ကော်မတီ ၂ ရပ် ဖွဲ့စည်း”


(ပြည်တွင်း) မတ် ၂၆

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၃၂ ဦးအနက် ၁၂၈ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်မှု ရာခိုင်နှုန်း ၉၆.၉၇ ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေး အထမြောက်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် မတက်ရောက်နိုင်သူများ၏ ခွင့်ပန်စာများကို လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၏ သက်တမ်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ရှင်းလင်းတင်ပြခဲ့ပြီး ယင်းကော်မတီဥက္ကဋ္ဌအဖြစ် လားရှိုးမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဆွေ၊ အတွင်းရေးမှူးအဖြစ် မိုင်းတုံမြို့နယ်ကိုယ်စားလှယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာနှင့် အဖွဲ့ဝင် ၆ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် ရပ်စောက်မြို့နယ်ကိုယ်စားလှယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်၊ အတွင်းရေးမှူးအဖြစ် မိုင်းတုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထင်အောင်နိုင်နှင့် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။


အစည်းအဝေးအပြီးတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယနေ့အစည်းအဝေး ရပ်နားကြောင်း ကြေညာခဲ့ပြီး တတိယနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN