ပြည်ပထွက်ခွာခွင့် လိမ်လည်တင်ပြသူများကို ပိတ်ဆို့အရေးယူမည်

(ပြည်တွင်း) မတ်၂၆

ပြည်ပထွက်ခွာခွင့်နှင့် စပ်လျဉ်း၍ မမှန်မကန် လိမ်လည်တင်ပြသူများ၊ ယင်းလိမ်လည်မှုများတွင် နောက်ကွယ်မှ ပါဝင်ကူညီသူများအား စုံစမ်းဖော်ထုတ်ပြီး ကာလသတ်မှတ်ချက်ဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်သိမ်းကာ အမည်မည်းစာရင်း (Blacklist) သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသား အလုပ်သမားများ ဥပဒေအကာအကွယ်နှင့် ဘေးကင်းလုံခြုံစွာ ပြည်ပသို့ သွားရောက်နိုင်စေရေးအတွက် ရည်ရွယ်ပြီး နိုင်ငံသားများ၏ အကျိုးအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပမှ အမှန်တကယ် ခွင့်ပြန်လာသူများနှင့် ခွင့်ပြန်အလုပ်သမားအဖြစ် လိမ်လည်တင်ပြသူများကို မှန်မှန်ကန်ကန် ခွဲခြားစိစစ်နိုင်ခြင်းဖြင့် နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို မြှင့်တင်ပေးနိုင်သလို မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဘဝကိုလည်း အပြည့်အဝ အကာအကွယ်ပေးနိုင်မည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။လုပ်ငန်းခွင် အာမခံချက်မရှိဘဲ ခွင့်ပြန်အလုပ်သမားအဖြစ် တရားမဝင် သွားရောက်သူများသည် ဥပဒေအရ အကာအကွယ်မဲ့ခြင်း၊ လုပ်အားခ ဦးပုံဖြတ်ခံရခြင်းနှင့် ပြည်နှင်ဒဏ်ခံရနိုင်ခြင်းတို့ ရှိသည်ဟုလည်း သတိပေးထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင်လမ်းကြောင်းဖြင့် သွားရောက်သည့် စနစ်ကို ထိန်းသိမ်းနိုင်ရန် ဆိုက်ရောက်ချိန် သတင်းပို့ခြင်း၊ အချက်အလက်များ စိစစ်ခြင်းနှင့် ထုတ်ပြန်ကြေညာခြင်းများ ပြုလုပ်ပြီးမှသာ ပြည်ပထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အလုပ်သမားဝန်ကြီးဌာနသည် ခွင့်ဖြင့် အမှန်တကယ် သွားရောက်ပြန်လာသည့် အလုပ်သမားများ မိမိတို့၏ လုပ်ငန်းခွင်များသို့ သတ်မှတ်ချိန်အတွင်း အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အထောက်အထားတုများဖြင့် ပြည်ပသို့ တရားမဝင် ထွက်ခွာရန် ကြိုးပမ်းမှုများကို တားဆီးခြင်းတို့ဖြင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ စနစ်ကို ပိုမိုခိုင်မာစေပြီး လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုကို ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။