အီရန်စစ်ပွဲ၏ ရိုက်ခတ်မှုများကြောင့် ဖိလစ်ပိုင်သမ္မတက စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာ

(နိုင်ငံတကာ)မတ် ၂၅

    ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdi – nand Marcos Jr) သည် အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲကြောင့် နိုင်ငံ၏ စွမ်းအင်ထောက် ပံ့မှုအပေါ် ကျရောက်လာနိုင်သည့် “မလွဲမသွေ ရင်ဆိုင်ရမည့် အန္တရာယ်” ကို တုံ့ပြန်သည့်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ စွမ်းအင်အရေးပေါ်အခြေအနေ (National Energy Emergency) ကို ကြေညာလိုက်သည်။

     အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သော အဆိုပါ အရေးပေါ်အခြေအနေ ကြေညာချက်သည် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာမှုနှင့် မားကို့စ်အစိုးရ၏ နှေးကွေး သော တုံ့ပြန်မှုများအပေါ် ကန့်ကွက်ရန်အတွက် ဖိလစ်ပိုင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၊ ခရီးသည်များနှင့် စားသုံးသူအဖွဲ့အစည်းများက လာမည့် ကြာသပတေးနေ့မှစတင်ကာ နှစ်ရက်ကြာ သပိတ်မှောက်ရန် စီစဉ်နေချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

    “နိုင်ငံတော်ရဲ့ စီးပွားရေးကို ကာကွယ်ဖို့အတွက် အခုလို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု မားကို့စ် ဂျူနီယာက ဆိုသည်။

​     အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု၏ တစ်စိတ်တစ် ပိုင်းအနေဖြင့် လောင်စာဆီ၊ အစားအသောက်၊ ဆေး ဝါး၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် အခြားသော မရှိမဖြစ်လိုအပ်သည့် ကုန်စည်များ စနစ်တကျ စီးဆင်းမှု၊ ထောက်ပံ့မှုနှင့် ဖြန့်ဖြူးမှုများ ရှိစေရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

     တစ်နှစ်တာအထိ အာဏာတည်မည့် ယခုအရေးပေါ်အခြေအနေ ကြေညာချက်သည် အစိုးရအား လောင် စာဆီနှင့် စက်သုံးဆီထွက်ကုန်များကို အချိန်နှင့်တစ်ပြေးညီ လုံလောက်စွာရရှိစေရန် ဝယ်ယူခွင့်ပြုထားပြီး၊ လိုအပ်ပါက စာချုပ်ပါ ပမာဏ၏ တစ်စိတ်တစ်ပိုင်းကို ကြိုတင်ငွေပေးချေရန်အထိ လုပ်ပိုင်ခွင့် ပေးထား သည်။

ထို့အပြင် အာဏာပိုင်များအနေဖြင့် စက်သုံးဆီထွက်ကုန်များကို သိုလှောင်ခြင်း၊ စျေးတင်ရောင်းခြင်းနှင့် စျေးကွက်အတွင်း လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းများကို အရေးယူဆောင်ရွက်နိုင်ရန်လည်း လုပ် ပိုင်ခွင့်အပ်နှင်းထားသည်။

     အမေရိကန်ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေး မန်နျူရယ် ရိုမော်လ်ဒက်ဇ် (Jose Manuel Romualdez) က မနီလာအစိုးရအနေဖြင့် အမေရိကန် ၏ ပိတ်ဆို့အရေးယူမှု ခံထားရသော နိုင်ငံများထံမှ ရေနံဝယ်ယူခွင့်ရရှိရန် ဝါရှင်တန်နှင့် ညှိနှိုင်းဆောင် ရွက်နေကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

​     သို့သော်လည်း ဖိလစ်ပိုင် သယ်ယူပို့ဆောင်ရေး သမဂ္ဂများနှင့် အထက်လွှတ်တော်အမတ်များကမူ မားကို့စ်အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများသည် ရေနံစျေးနှုန်း မြင့်တက်လာမှု၏ နောက်ဆက်တွဲဒဏ်ကို လျှော့ချရန်အတွက် စနစ်တကျ စုစည်းထားသော လုပ်ဆောင် ချက်များ မရှိဟု ဝေဖန်ပြစ်တင်ခဲ့ကြသည်။

     ပြည်သူ့သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းများ၏ ဖက်ဒရယ်အဖွဲ့ဖြစ်သော Piston ကမူ တစ်နိုင်ငံလုံးဆိုင်ရာ စွမ်းအင်အရေးပေါ်အခြေအနေ ကြေညာခြင်းမှာ “လောင်စာဆီ အကျပ်အတည်း၏ အဓိကဇစ်မြစ်ကို တမင်မျက်ကွယ်ပြုထားသည့် အပေါ်ယံကုထုံး (Band-aid) သာဖြစ်သည်” ဟု ဖော်ပြခဲ့သည်။

     “အကယ်၍ အစိုးရအနေနဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေနဲ့ ခရီးသည်တွေကို ဒီပထဝီနိုင်ငံရေး အကျပ်အတည်းကနေ အမှန်တကယ် ကာကွယ်ပေးချင်တယ်ဆိုရင်၊ ရေနံထွက်ကုန်တွေအပေါ် စည်းကြပ်ထားတဲ့ ယစ်မျိုးခွန်နဲ့ တန်ဖိုးမြှင့်အခွန် (VAT) တွေကို ချက် ချင်းဆိုင်းငံ့ပြီး စျေးနှုန်းတွေကို တစ်ညတွင်း ချင်း သိသိသာသာ လျှော့ချပေးရမှာဖြစ်ပါတယ်” ဟု Piston က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

​     အစိုးရ၏ အကျိုးသက်ရောက်မှု လျှော့ချရေး အစီ အစဉ်များအဖြစ် အချို့မြို့ကြီးများတွင် ကျောင်းသားများနှင့် အလုပ်သမားများအတွက် ဘတ်စ်ကားများ အခမဲ့စီးနင်းခွင့်ပေးထားပြီး၊ ဆိုင်ကယ်တက္ကစီသမားများနှင့် အခြားအများပြည်သူ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် မြင့်တက်လာသော လောင် စာဆီစရိတ်ကို ခုနှိမ်နိုင်ရန် တစ်ဦးလျှင် ဖိလစ်ပိုင်ပီဆို ၅,၀၀၀ (အမေရိကန်ဒေါ်လာ ၈၃ ခန့်) ထောက်ပံ့ကြေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ပေးအပ်နေပြီ ဖြစ်သည်။

​#PositiveAngleNews #EnergyCrisis #Shell #Philippines #MarcosJr #OilPrices #IranWar #WorldEconomy

Telegram»…
https://t.me/positiveanglenews

#PAN