


(ပြည်တွင်း) မတ် ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် သတ်မှတ်ထားသော စည်းမျဉ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းမရှိဘဲ ဖောက်ဖျက်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တာဝန်ရှိသူများကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ဒုတိယပတ်အတွင်း မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာရှိ “မင်းသန့် (၁)” စက်သုံးဆီအရောင်းဆိုင်သို့ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် စစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့စစ်ဆေးရာတွင် အဆိုပါဆိုင်အတွင်း၌ စက်သုံးဆီများကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းမရှိဘဲ ဆီပေပါများဖြင့် စနစ်တကျမဟုတ်ဘဲ တရားမဝင်ခွဲတမ်းချ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
ယခုကဲ့သို့ ရောင်းချခြင်းသည် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်များကို ဖောက်ဖျက်ခြင်းဖြစ်သဖြင့် အဆိုပါဆိုင်အား စက်သုံးဆီဥပဒေ၊ နည်းဥပဒေများအရ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း သို့မဟုတ် ဒဏ်ကြေးရိုက်ခြင်းနှင့် တာဝန်ရှိသူများကို တရားစွဲဆိုခြင်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်သူများ စက်သုံးဆီကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် မှန်ကန်စွာဝယ်ယူရရှိနိုင်ရေးအတွက် စက်သုံးဆီဆိုင်များကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။