





(ပြည်တွင်း) မတ် ၂၃
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့ မတ် (၂၄) ရက် မနက် ၁၀ နာရီတွင် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဒုတိယဥက္ကဋ္ဌ ဦး Jeng Phang နော်တောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ယင်းအစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဉပဒေကြမ်းကော်မတီနှင့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ဂတိများနှင့်တာဝန်ခံချက်များ စီစစ်ရေးကော်မတီတို့အား ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
အမျိုးသားလွှတ်တော် ဉပဒေကြမ်းကော်မတီတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဒေါ်နွယ်နွယ်ဦးအား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၇) ဦးဇင်မင်းထက်အား အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းကော်မတီတွင် တပ်တော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၃)ဦးအပါအဝင် ကိုယ်စားလှယ် (၁၅) ဦးဖြစ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ထို့နောက်အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီအား ဆက်လက်ဖွဲ့စည်းရာ ကော်မတီဥက္ကဋ္ဌ အဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၀) ဦးချစ်ဆွေ၊ အတွင်းရေးမှုးအဖြစ် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးသန်းအောင် တို့အား တာဝန်ပေးအပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းကော်မတီတွင် တပ်တော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂)ဦး အပါအဝင် ကိုယ်စားလှယ် (၁၅) ဦးဖြစ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအား ဆက်လက်ဖွဲ့စည်းရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦး Jeng Phang နော်တောင်၊ အတွင်းရေးမှုးအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၈) ဦးအောင်တင်မြင့်တို့အား တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းကော်မတီတွင် တပ်တော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂)ဦး အပါအဝင် ကိုယ်စားလှယ် (၁၅) ဦးဖြစ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ဂတိများနှင့်တာဝန်ခံချက်များ စီစစ်ရေးကော်မတီအား ဆက်လက်ဖွဲ့စည်းရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၀) ဦးလှသိန်း၊ အတွင်းရေးမှုးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၉) ဦးရန်နိုင်ဦးတို့အား တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းကော်မတီတွင် တပ်တော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂)ဦး အပါအဝင် ကိုယ်စားလှယ် (၁၅) ဦးဖြစ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။