နယူးယောက် LaGuardia လေဆိပ်တွင် Air Canada လေယာဉ်နှင့် မီးသတ်ကား တိုက်မိ၊ လူ ၂ ဦး သေဆုံး

(နိုင်ငံတကာ)မတ် ၂၄

     မွန်ထရီယယ်မြို့မှ ပျံသန်းလာသော Air Canada Express လေယာဉ်တစ်စင်းသည် နယူးယောက်မြို့ရှိ LaGuardia လေဆိပ်သို့ ဆင်းသက်စဉ် မြေပြင်ရှိ မီး သတ်ကားတစ်စီးနှင့် တိုက်မိခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးသွားကြောင်း အမေရိကန်သတင်းမီဒီယာများက ဖော်ပြကြသည်။ လက်ရှိတွင် အဆိုပါလေဆိပ်ကို ပိတ်ထားပြီး လေယာဉ်ခရီးစဉ်များကို အခြားလေဆိပ်များသို့ လွှဲပြောင်းပေးထားသည်။

     မတ်လ ၂၃ ရက် (တနင်္ဂနွေနေ့) ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့မှ လာသော Air Canada Express (Flight AC8646) လေယာဉ်သည် LaGuardia လေဆိပ်၏ ပြေးလမ်းအမှတ် ၄ (Runway 4) သို့ ဆင်းသက်စဉ် အခြားဖြစ်စဉ်တစ်ခုသို့ သွားရောက်ရန် မောင်းနှင်နေသည့် မီးသတ်ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ CRJ-900 အမျိုးအစား လေယာဉ်သည် မီးသတ်ကားကို တစ်နာရီလျှင် ၃၉ ကီလိုမီတာ (၂၄ မိုင်) နှုန်းဖြင့် တိုက်မိခဲ့ခြင်းဖြစ် ကြောင်း Flightradar 24 ၏ အချက်အလက်များအရ သိရသည်။

     အဆိုပါတိုက်မိမှုကြောင့် အနည်းဆုံး လူ ၂ ဦး သေ ဆုံးသွားကြောင်း အတည်ပြုထားပြီး လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် အမှုထမ်းများ အပါအဝင် စုစုပေါင်း ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းတို့အနက် ၃၂ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်သော်လည်း ၉ ဦးမှာ ပြင်း ထန်ဒဏ်ရာများဖြင့် ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရသည်။

     မီးသတ်ကားပေါ်ပါ အရာရှိ ၂ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေမျိုး မဟုတ်ကြောင်း သိရသည်။

     မတော်တဆမှုကြောင့် အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန (FAA) က LaGuardia လေဆိပ်သို့ ဦးတည်ပျံသန်းမည့် လေယာဉ်အားလုံးကို မြေပြင်တွင် ရပ်နားထားရန် (Ground stop) အမိန့်ထုတ်ပြန်ခဲ့ပြီး လေဆိပ်ကို ခေတ္တပိတ်ထားသည်။ လေယာဉ်ခရီးစဉ်အများအပြား ဖျက်သိမ်းခြင်းနှင့် လမ်းကြောင်းလွှဲခြင်းများ ပြုလုပ်ခဲ့ရသည်။

     အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှုဘုတ်အဖွဲ့ (NTSB) မှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (Go Team) သည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီဖြစ် သည်။ LaGuardia လေဆိပ်သည် ၂၀၂၄ ခုနှစ်အတွင်း ခရီးသည် ၃၃.၅ သန်းအထိ ဝန်ဆောင်မှုပေးခဲ့သော နယူးယောက်၏ တတိယမြောက် အစည်ကားဆုံး လေဆိပ်ဖြစ်သည်။

​#PositiveAngleNews #NewYork #LaGuardiaAirport #AirCanada #PlaneCrash #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN