ပြည့်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ဂတိများနှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မတီတို့ ဖွဲ့စည်း

(ပြည်တွင်း) မတ် ၂၄

တတိယအကြိမ် ပြည့်သူ့လွှတ်တော် ပထမပုံမှန် အစီအဝေး တတိယနေ့ကို ယနေ့ မတ် (၂၄) ရက် မနက် ၁၀ နာရီတွင် ပြည့်သူ့လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ယင်းအစည်းအဝေးတွင် ပြည့်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီနှင့် ပြည့်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ဂတိများနှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မတီတို့အား ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ပြည့်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအား ဆက်လက်ဖွဲ့စည်းရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ အတွင်းရေးမှုးအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ကျော်ဌေးတို့အား တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းကော်မတီတွင် တပ်တော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂)ဦး အပါအဝင် ကိုယ်စားလှယ် (၁၅) ဦးဖြစ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ဂတိများနှင့်တာဝန်ခံချက်များ စီစစ်ရေးကော်မတီအား ဆက်လက်ဖွဲ့စည်းရာ ကော်မတီဥက္ကဋ္ဌအဖြစ် ကျိုင်းတုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းဦး၊ အတွင်းရေးမှုးအဖြစ် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းတို့အား တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းကော်မတီတွင် တပ်တော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂)ဦး အပါအဝင် ကိုယ်စားလှယ် (၁၅) ဦးဖြစ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။