(ပြည်တွင်း) မတ် ၂၄

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် DPLA၊ KNDF၊ PNLO နှင့် PDF အမည်ခံအဖွဲ့ဝင် စုစုပေါင်း ၂၇ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများတွင် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်ပြီး DPLA မှ ၇ ဦး၊ KNDF မှ ၅ ဦး၊ PNLO မှ ၁၄ ဦးနှင့် သထုံ PDF မှ ၁ ဦး ပါဝင်ကြောင်း သိရသည်။
၎င်းတို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ တာဝန်ရှိသူများက ကြိုဆိုလက်ခံကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ မိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြန်လည်ဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M-16၊ M-22၊ စနိုက်ပါ၊ AK-47၊ Type-81၊ ပစ္စတိုများနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပစ္စတို ၂ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၄၀ ၊ မောင်းပြန်ရိုင်ဖယ် ၈ လက် အတွက် ငွေကျပ်သိန်း ၄၀၀၊ အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၄၉ သိန်း၊ စုစုပေါင်း ကျပ် ၄၈၉ သိန်း ပေးအပ်ခဲ့ပြီး ဝန်ခံကတိလက်မှတ်များ လက်မှတ်ရေးထိုးစေကာ မိသားစုများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူတစ်ဦးက
“ကျွန်တော်ကတော့ အကြမ်းဖက် DPLA အဖွဲ့ကနေ မှားခဲ့တာတွေ မှားခဲ့ပြီဖြစ်တဲ့အတွက် အမှားတွေကို အမှန်ပြင်ဖို့အတွက် အလင်းလာဝင်ရောက်တာဖြစ်ပါတယ်။ အလင်းလာဝင်ရောက်တဲ့ အချိန်မှာလည်း တပ်မတော်မှ တာဝန်ရှိသူတွေက ကျွန်တော်တို့ကို မိသားစုသဖွယ် ညီအစ်ကို၊ မောင်နှစ်မ အရင်းအချာလိုမျိုး ပြောဆိုဆက်ဆံတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာကျေနပ်ပါတယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ အလင်းဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ ဒါကြောင့်မို့ ကျန်ခဲ့တဲ့ တောထဲမှာရှိနေတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ရဲဘော်တွေကိုလည်း အဓိပ္ပါယ်မဲ့ အသက်တွေ မစတေးဘဲ မိသားစုနဲ့အတူ နွေးထွေးစွာ ပြန်လည်နေထိုင်နိုင်ရန် တပ်မတော်နှင့် လက်တွဲကာ အလင်းဝင်ရောက်ဖို့ ဖိတ်ခေါ်လိုပါတယ်။” ဟု ပြောကြားသည်။
ထို့အပြင် အခြားပြန်လည်ဝင်ရောက်လာသူတစ်ဦးကလည်း
“ကျွန်တော်ကတော့ သထုံ PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူဖြစ်ပါတယ်။ ၂၀၂၅ ဩဂုတ်လမှာ ကျွန်တော် ထွက်ပြေးလာပြီး တောင်ကြီးရှိ ကျွန်တော့်အစ်ကိုဆီကို တိမ်းရှောင်ခဲ့ပါတယ်။ ထို့နောက် တပ်မတော်မှ အရာရှိများကို ဆက်သွယ်ခဲ့ရာ ဆရာများက ကျွန်တော့်ကို မိသားစုဝင်လို ဆက်ဆံခဲ့ပြီး ပြန်လည်ဖိတ်ခေါ်ခဲ့ကြပါတယ်။ မိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်ရန် ကူညီပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့်လိုပဲ အမြင်မှန်ရရှိပြီး အလင်းဝင်လာနိုင်ရန် အားလုံးကို ဖိတ်ခေါ်လိုပါတယ်။” ဟု ဆိုသည်။
တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများအား နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပဒေများကို အသိပညာပေးရှင်းလင်းခဲ့ကြပြီး အလားတူ ဝင်ရောက်လိုသူများကိုလည်း နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ အဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ အဖွဲ့အတွင်း အခက်အခဲများနှင့် နေထိုင်မှုအဆင်မပြေမှုများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ငြိမ်းချမ်းစွာ နေထိုင်လိုသည့် ရည်ရွယ်ချက်ဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
#PAN