
(နိုင်ငံတကာ)မတ် ၂၃
အစ္စရေးသတင်းဌာနတစ်ခုဖြစ်သည့် N12 ၏ သတင်းထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်နှင့် အိမ်ဖြူတော်တာဝန်ရှိသူများသည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ဆင်ရေးအစီအစဉ်များကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် မူလခန့်မှန်းထားသည်ထက် “သီတင်းပတ်ပေါင်းများစွာ ပိုမိုကြာရှည်နိုင်သည်” ဟု အစ္စရေးအစိုးရထံ တရားဝင်အကြောင်းကြားခဲ့သည်။
အဆိုပါသတင်းစကားကို မကြာသေးမီရက်ပိုင်းက အစ္စရေးအဆင့်မြင့် နိုင်ငံရေးခေါင်းဆောင်များထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် သမ္မတ ဒေါ်နယ်ထရမ့်က “၄၈ နာရီအတွင်း ရေလက်ကြားကို ပြန်ဖွင့်ပေးရန်၊ မဟုတ်ပါက အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်မည်” ဟု တီဟီရန်ကို ရာဇသံပေးထားချိန်လည်း ဖြစ်သည်။
အစ္စရေးသတင်းဌာန N12 မှ ယာရွန် အာဗရာဟမ် (Yaron Avraham) ၏ အဆိုအရ၊ ရေလက်ကြားကို ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်ခြင်းသည် လျင်မြန်သော စစ်ဆင်ရေးတစ်ခု မဟုတ်ဘဲ ရေရှည်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်းနှင့် အဆိုပါအခြေအနေအရ စစ်ပွဲကာလမှာလည်း လိုက်ပါတိုးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန်ဘက်က သုံးသပ်ထားသည်။

ဝါရှင်တန်သည် ဤစစ်ဆင်ရေးကို အီရန်၏ ရေလက် ကြားပိတ်ဆို့မှုအပေါ် တုံ့ပြန်မှုသက်သက်အဖြစ်သာမကဘဲ၊ တီဟီရန်အနေဖြင့် ကမ္ဘာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများကို အသုံးချ၍ ခြိမ်းခြောက်နိုင်စွမ်းအား အပြီးတိုင်ဖျက်ဆီးပစ်ရန် ဟူသော “ကြီးမားသည့် မဟာဗျူဟာမြောက် အပြောင်းအလဲ” တစ်ခုအဖြစ် ပုံဖော်ထားသည်။
အမေရိကန်အရာရှိများက အစ္စရေးတာဝန်ရှိသူများကို “အချိန်ယူရရင်တောင်မှ မဟာဗျူဟာမြောက် အပြောင်းအလဲတစ်ခုကို ကျွန်တော်တို့ လိုချင်တာပါ” ဟု ပြောကြားခဲ့သည်။
အစ္စရေးသည် ဤစစ်ဆင်ရေးတွင် ဘေးထွက်ကြည့်နေသူမဟုတ်ဘဲ အမေရိကန်၏ စစ်ရေးစီမံချက်များတွင် ထောက်လှမ်းရေးသတင်း မျှဝေခြင်းနှင့် စစ်ရေးအကြံပေးခြင်းများဖြင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
စစ်ပွဲသည် ရက်ပိုင်းအတွင်း မပြီးဆုံးဘဲ ရက်သတ္တ ပတ်ပေါင်းများစွာ ကြာမြင့်နိုင်သည့်အတွက် ဒေသတွင်း တည်ငြိမ်မှုနှင့် ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှု ပိုမိုကြီးမားလာနိုင်သည်။
#PositiveAngle #IranWar2026 #StraitOfHormuz #USIsraelStrategicPlan #WarNews #GlobalEconomy
Telegram»…
https://t.me/positiveanglenews
#PAN