(စီးပွားရေး) မတ် ၂၀
လောင်စာဆီစျေးနှုန်းတွေရုတ်တရက်မြင့်တက်လာတယ်လို့ဆိုကာ မော်တော်ယာဥ်လိုင်းတစ်ချို့က ခရီးသွားပြည်သူတွေအပေါ် ယာဥ်စီးနှင်းကတွေ ထပ်မံတိုးကောက်လာတာကြောင့် အခက်အခဲတွေနဲရင်ဆိုင်နေကြရတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

မော်လမြိုင်ကနေ နေပြည်တော်ကိုခရီးထွက်လာတဲ့ ပြည်သူတွေဟာ ယခင်က ယာဥ်စီးခ (VIP) ၄ သောင်းသာရှိခဲ့ပေမယ့် ဒီနေ့ကစပြီး ၅ သောင်းခွဲအထိတိုးမြှင့်ကောက်ယူတာခံကြရတယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့က နေပြည်တော်ကို ခရီးသွားမှာဖြစ်လို့ လက်မှတ်ကိုကြိုဝယ်ထားတာ မနေ့တုန်းက ဂိတ်က ဖုန်းဆက်လာတယ်။ ယာဥ်စီးခတွေစျေးနှုန်းပြောင်းလဲလိုက်တယ်။ ငွေထပ်ဆောင်းပေးမလား ဒါမှမဟုတ်ရင် ပြန်အမ်းငွေယူမလားလို့မေးပါတယ်။ မဖြစ်မနေသွားရမယ့် ခရီးမို့လို့ ငွေပဲထပ်ပေးမယ်လို့ဆိုကာ ခရီးထွက်လာခဲ့တာပါ။” လို့ မော်လမြိုင်ကနေ နေပြည်တော်ကိုအမြန်လမ်းအတိုင်းမောင်းနှင်တဲ့ယာဥ်လိုင်းကိုစီးနင်းလာသူတစ်ဦးကပြောပါတယ်။
မတ်လ ၁၉ ရက်နေ့က 92 တစ်လီတာကို ၂၈၃၀ ကနေ ၃၆၁၀ အထိစျေးထိုးတက်ခဲ့သလို 95 တစ်လီတာကို ၂၉၃၀ ကနေ ၃၈၅၀ ကိုမြင့်တက်ခဲ့တာပါ။
တစ်ပတ်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေကိုကြည့်ရင် ဓာတ်ဆီတစ်လီတာ ၈၀၀ ကျပ်ဝန်းကျင်နဲ့ ဒီဇယ်တစ်လီတာ ၁၂၀၀ ကျပ်အထိ ဈေးမြင့်တက်လာတာကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းလက်လီဈေးနှုန်းဖော်ပြချက်အရ သိရပါတယ်။
ဒီဇယ်ဆီဈေးနှုန်းတွေကလည်း တစ်ပတ်တာအတွင်း ကျပ် ၁၂၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြင့်သွားတာကို တွေ့ရပါတယ်။
စက်သုံးဆီတွေစျေးမြင့်တက်လို့ ယာဥ်စီးခတွေစျေးမြင့်တက်လာပေမယ့် စက်သုံးဆီတွေစျေးပြန်ကျရင် ယာဥ်စီးခတွေက စျေးပြန်မကျတော့ဘူးလို့ မော်တော်ယာဥ်စီးနင်းသူတွေကပြောဆိုထားပြီး မော်တော်ယာဥ်လိုင်းတွေကို စိစစ်ထိန်းကြောင်းပေးဖို့ ယာဥ်အသုံးပြုသူတွေလိုလားနေကြပါတယ်။
အခုလို စျေးနှုန်းမြင့်တက်မှုတွေဟာ ရေရှည်ဖြစ်လာမယ်ဆိုရင်တော့ ခရီးသွားတွေအတွက် အခက်အခဲတွေများစွာရှိလာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
#PAN