(ပြည်တွင်း) မတ် ၂၀
မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) ကို မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၂၀ မိနစ်အထိ အောင်မြေသာစံမြို့နယ်ရှိ လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်၊ တစညပါတီမှ ၈ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၄ ဦး၊ ပြည်သူ့ပါတီမှ ၅ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ၁ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး အပါအဝင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၇၂ ဦး တက်ရောက်ခဲ့ကြသည်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်နှင့် အရာထမ်း၊ အမှုထမ်းများလည်း တက်ရောက်ခဲ့ကြသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒပြုရွေးချယ်မှုဖြင့် လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌများကို ရွေးချယ်တင်မြှောက်ခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအဖြစ် မိတ္ထီလာမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဖြစ်သူ ဦးအောင်ကျော်မိုး (တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ )ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ဒုတိယဥက္ကဌအဖြစ် ရမည်းသင်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဖြစ်သူ ဦးကျော်မြင့်(ပြည်ခိုင်ဖြိုးပါတီ) ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒပြုရွေးချယ်မှုဖြင့် ပြည်ကြီးတံခွန်မြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးသိန်းလွင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရသည်။
#PAN