ကျောက်တန်းမြို့တွင် ခြံဝန်းပိုင်ရှင်အား ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား၊ တရားခံကို ချက်ချင်းဖမ်းဆီး

(မှုခင်း) မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့ အရှေ့ပိုင်းရပ်ကွက် ကမ်းနားလမ်းတွင် မတ်လ ၁၇ ရက်နေ့ ညပိုင်းက ခြံဝန်းပိုင်ရှင် အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငါးရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးမိစံသည် မိမိ၏လုပ်ငန်းဝန်းအတွင်းရှိ အခန်းတွင်ရှိနေစဉ် ည ၉ နာရီခန့်တွင် အပြင်ဘက်မှ ဆူညံသံများကြားရသဖြင့် ထွက်ကြည့်ရာ ခြံဝန်းပိုင်ရှင်ဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဦးမောင်ငယ် (ခ) ဦးတန်ဂါအုန်း၏နေရာဘက်မှ ဖြစ်ပွားနေကြောင်း သိရှိခဲ့ပြီး ထို့နောက် မိမိအခန်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အလုပ်သမားဖြစ်သူ စောအောင်ထွေးမှ လာရောက်သတင်းပို့ရာ ခြံဝန်းအတွင်း အလုပ်လုပ်ကိုင်နေသူ သက်ဇော်ပိုင် (ခ) သားသား၊ အသက် ၂၄ နှစ်မှ ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ဓားဖြင့် ထိုးခဲ့ကြောင်း သိရှိရသည်။

ဒေါ်အေးမိစံက ဖြစ်ရာနေရာသို့ သွားရောက်ကြည့်ရှုရာ ဦးမောင်ငယ်သည် ၎င်း၏နေအိမ်ရှေ့ လျှောက်လမ်းပေါ်တွင် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် ပက်လက်လဲကျ သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ အကြောင်းကြားခဲ့သည်။

အကြောင်းကြားချက်အရ ကျောက်တန်းမြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ပြစ်မှုကျူးလွန်သူဟု သံသယရှိသည့် သက်ဇော်ပိုင် (ခ) သားသားအား အခင်းဖြစ်နေရာတွင် ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပြီး သေဆုံးသူ၏အလောင်းအား ရဲဆေးစာဖြင့် ကျောက်တန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေါ်အေးမိစံမှ တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်ကြားခဲ့သဖြင့် ကျောက်တန်းမြို့မရဲစခန်းတွင် (ပ)၂၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ထားပြီး သက်ဇော်ပိုင် (ခ) သားသားအား စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့တွင် ခြံဝန်းပိုင်ရှင်အား ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ပြီး တရားခံကို အခင်းဖြစ်နေရာတွင် ချက်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။