တပ်မတော်နေ့ဂုဏ်ပြုအဖြစ် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း AC လမ်းသစ် ဖွင့်လှစ်

(ပြည်တွင်း) မတ် ၁၉

မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း၏ ဗလမင်းထင်-နန့်မြစ်ခလမ်းပိုင်း၌ ကတ္တရာကွန်ကရစ် (AC) လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့ (ကြာသပတေးနေ့) နံနက် ၈း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ကချင်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး (၈၁) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်ဖြစ်ကြောင်း သိရသည်။

လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တက်ရောက်ခဲ့ကြသည်။ယခုဖွင့်လှစ်လိုက်သည့် ကတ္တရာကွန်ကရစ် (AC) လမ်းပိုင်းသည် ဒေသအတွင်း သွားလာရေးလွယ်ကူချောမွေ့စေရန်နှင့် ကုန်သွယ်ရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။

ထို့ပြင် လမ်းသစ်ဖွင့်လှစ်ခြင်းဖြင့် မန္တလေးမှ မြစ်ကြီးနားအထိ သွားလာချိန်လျှော့ချနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးတက်လာစေမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရှိ AC လမ်းသစ်ကို ဖွင့်လှစ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်လာကြောင်း သိရသည်။