

(ပြည်တွင်း) မတ် ၁၉
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်လာမည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားကြိုဆိုမိတ်ဆက်ပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ကချင်ပြည်နယ်လွှတ်တော်ရုံးရှိ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ရုံးအကြီးအမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ် ၉ ချက်ဖြင့် ကျင်းပခဲ့သည့် အခမ်းအနားတွင် တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ နာယကလည်းဖြစ်သော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်းစီ မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်လွှတ်တော်ရုံးအကြီးအမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယိန်းညော်မှ လွှတ်တော်ရုံးဝန်ထမ်းများကို မိတ်ဆက်ပေးခြင်းနှင့်အတူ လွှတ်တော်ရုံး၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့အပြင် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေစကားဝါဦးက လာမည့် ပထမပုံမှန်အစည်းအဝေးအတွက် အစီအစဉ်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်အစည်းအဝေးခန်းမတွင် အသုံးပြုမည့် အသံစနစ်များ၊ Mic များနှင့် e-Voting စက်များ အသုံးပြုနည်းများကို ဗီဒီယိုဖြင့် ပြသရှင်းလင်းခဲ့သည်။
ထို့နောက် လွှတ်တော်အစည်းအဝေးများအတွင်း မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကိုယ်စားလှယ်များ သိရှိနိုင်ရန် အသေးစိတ်ရှင်းလင်းခဲ့ကြသည်။
အခမ်းအနားအဆုံးတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဉာဏ်ဝင်းဦးက လွှတ်တော်အစည်းအဝေးကာလအတွင်း လုံခြုံရေးဆိုင်ရာ စီမံချက်များနှင့် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို နံနက် ၁၁း၅၀ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။