
(နိုင်ငံတကာ) မတ်လ ၁၈
ထိုင်းနိုင်ငံ၊ ခွန်ဘူရီဒေသရှိ ဆေးရုံတစ်ရုံသည် လောင်စာဆီပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေအတွက်အသုံးပြုရန် အရန်မီးစက်များလည်ပတ်နိုင်ရေး ဒီဇယ်ဆီများ အသည်းအသန်ရှာဖွေနေကြောင်းသိရသည်။
အဆိုပါဆေးရုံ၏ လျှပ်စစ်ပညာရှင် ဂျူလာပွန် ရတ်ချာတော့ခ်က မတ်လ ၁၇ ရက်တွင် မီးစက်သုံးလုံးအတွက် ဒီဇယ်ဆီများ ရှာဖွေဝယ်ယူရန် တာဝန်ပေးခံခဲ့ရကြောင်း ပြောကြားထားပြီး ဆေးရုံများအနေဖြင့် အရေးကြီးသော ဆေးကုသမှုများ၊ အထူးသဖြင့် အသက်ကယ်စက်ကိရိယာများ လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် အထူးအရေးကြီးသည်။
ထိုင်းနိုင်ငံတွင် နှစ်စဉ်နွေရာသီကာလ၌ မုန်တိုင်းများ ကျရောက်လေ့ရှိပြီး ယင်းအချိန်များတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်တတ်၍ ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင်မှု မရှိပါက ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် လူနာများအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ဂျူလာပွန်က သတိပေးခဲ့ကြောင်းသိရသည်။
ဂျူလာပွန်သည် မတ်လ ၁၆ ရက်တစ်ရက်လုံး လောင်စာဆီရရှိရေးအတွက် လူနာတင်ယာဉ်တစ်စီးဖြင့် ဒေသတစ်ဝိုက် ပိုက်စိပ်တိုက် ရှာဖွေခဲ့ရကြောင်း သိရပြီး လက်ရှိတွင် ထိုင်းနိုင်ငံရှိ အခြားသောဆေးရုံများသည်လည်း အလားတူ အခြေအနေမျိုး ကြုံတွေ့လာနိုင်ခြေရှိသဖြင့် ဒီဇယ်ဆီများ ကြိုတင်စုဆောင်းခြင်းနှင့် အရန်မီးစက်စနစ်များ အဆင်သင့်ရှိစေရေး ဆောင်ရွက်လျက်ရှိသည်။