

(ပြည်တွင်း) မတ် ၁၈
မကြာမီကျင်းပမည့် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များကို မတ်လ ၁၆ ရက်နေ့တွင် မကွေးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် အထူးကုဆရာဝန်များ ပူးပေါင်းကာ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးအခြေအနေကို စနစ်တကျ စစ်ဆေးပေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုတွင် တိုင်းဒေသကြီးမှ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ စုစုပေါင်း ၆၀ ကျော် ပါဝင်ခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုကာ လိုအပ်ချက်များကို ချက်ချင်းဖြည့်ဆည်းပေးခဲ့ကြောင်းလည်း သိရသည်။
လွှတ်တော်အစည်းအဝေးမတိုင်မီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်းသည် ကိုယ်စားလှယ်များ၏ ကျန်းမာရေးလုံခြုံမှုကို အာမခံနိုင်စေရန်နှင့် အစည်းအဝေးများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။