
(အားကစား) မတ် ၁၈
အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီး မော်ရိုကိုအသင်းကို ၃ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ပေးလိုက်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်က မော်ရိုကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးခဲ့ပေမဲ့ ဆီနီဂေါကစားသမားတွေက ပွဲချိန်အတွင်း ကွင်းထဲက ထွက်ခွာသွားခဲ့တဲ့ အတွက် အခုလို အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါပွဲစဉ်အချိန်ပိုမှာတော့ ဆီနီဂေါအသင်းက ဂေးယီ ရဲ့ဂိုးနဲ့ မော်ရိုကိုအသင်းကို အနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူးခဲ့ပါတယ်။
ဒါပေမယ့် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံတင်သွင်းမှုကြောင့် အာဖရိကဘောလုံးအဖွဲ့ချုပ်က အမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး ပြန်လည်စစ်ဆေးကာ အခုလို ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အခုဆုံးဖြတ်ချက်အတွက် ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က နိုင်ငံတကာအားကစားခုံရုံး(CAS)ထံ အယူခံတင်သွင်းဖွယ် ရှိကြောင်းလည်း သိရပါတယ်။