EV လူစီးကားများ ပြည်ပမှတင်သွင်းရာတွင် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်

(စီးပွားရေး) မတ် ၁၇

ဘက်ထရီလျှပ်စစ်အားဖြင့် လည်ပတ်အသုံးပြုသော လူစီးယာဉ်များကို အထူးကုန်စည်အမျိုးအစားအဖြစ် သတ်မှတ်လိုက်ပြီး ပြည်ပမှတင်သွင်းရာတွင် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။

အဆိုပါဥပဒေအရ ပြည်ပမှ တင်သွင်းလာသော ဘက်ထရီလျှပ်စစ်သုံး လူစီးယာဉ်များအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံသွားမည်ဖြစ်သည်။

ယခင်က ဘက်ထရီလျှပ်စစ်သုံး လူစီးယာဉ်များကို လျှပ်စစ်ယာဉ်အသုံးပြုမှု တိုးတက်လာစေရန် ရည်ရွယ်၍ နှစ်နှစ်ဆက်တိုက် အခွန်ကင်းလွတ်ခွင့် ပေးထားခဲ့သော်လည်း ၂၀၂၆ ခုနှစ်မှစတင်ကာ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအတွင်း ထည့်သွင်းသတ်မှတ်ပြီး အထူးကုန်စည်ခွန် စည်းကြပ်ရန် ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လောင်စာဆီအသုံးပြုသော လူစီးယာဉ်များကိုလည်း အင်ဂျင်ပါဝါအရွယ်အစားအလိုက် အခွန်နှုန်းထားများ သတ်မှတ်ထားပြီး ဗင်၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားအမျိုးအစားများကို ၁၅၀၁ CC မှ ၂၀၀၀ CC အထိ ၁၀ ရာခိုင်နှုန်း၊ ၂၀၀၁ CC မှ ၄၀၀၀ CC အထိ ၃၀ ရာခိုင်နှုန်းနှင့် ၄၀၀၁ CC နှင့်အထက်ကို ၅၀ ရာခိုင်နှုန်း အထိ အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပြီး လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။