


(မှုခင်း) မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ တရားရုံးရှေ့တွင် မတ်လ ၁၆ ရက် ညနေ ၁၀ နာရီအချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ အရေးပေါ်ကယ်ဆယ်ရေးယာဉ် (၁၉၁ ယာဉ်) တစီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါအမျိုးသား (၁)ဦးမှာ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသား (၂)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား မာတာလူမှုကူညီရေးအသင်းနှင့် ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းတို့၏ သူနာတင်ယာဉ်များဖြင့် မြောက်ဉက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနမှ ပြည်သူများအနေဖြင့် မီးဘေး၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက ဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။