
(နိုင်ငံတကာ) မတ် ၁၇
ဂျပန်နိုင်ငံသည် ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ထားသည့် Type-12 အမျိုးအစား သင်္ဘောဖျက်ဒုံးကျည်စနစ်များကို အရှေ့တရုတ်ပင်လယ်အနီးတွင် စတင်တပ်ဖြန့်ထားကြောင်း မတ်လ ၁၅ ရက်တွင် ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
မူလက ကမ်းခြေစောင့်ကာကွယ်ရေးအတွက်သာ ရည်ရွယ်ပြီး ပစ်ခတ်နိုင်သည့်အကွာအဝေး မိုင် ၁၂၀ ကျော်သာရှိခဲ့သော အဆိုပါဒုံးကျည်စနစ်ကို ယခုအခါ မိုင် ၆၀၀ ကျော်အထိ ရောက်ရှိအောင် အဆင့်မြှင့်တင်ကာ ပြောင်းလဲတပ်ဖြန့်လာခြင်းဖြစ်သည်။ အဆိုပါ အဆင့်မြှင့်တင်ထားသည့် ဒုံးကျည်များသည် ကုန်းတွင်းပိုင်းပစ်မှတ်များကိုပါ ပစ်ခတ်နိုင်စွမ်းရှိလာသည့်အပြင် ကျူရှူးကျွန်းမှ ပစ်ခတ်မည်ဆိုပါက ထိုင်ဝမ်ရေလက်ကြားတစ်ခုလုံးကိုပါ လက်လှမ်းမီသွားမည်ဖြစ်သည်။
မစ်ဆူဘီရှီကုမ္ပဏီမှ ထုတ်လုပ်ထားသည့် အဆိုပါဒုံးကျည်များကို လက်ရှိတွင် ကူမာမိုတိုဒေသ၌ တပ်ဖြန့်ထားခြင်းဖြစ်သည်။ ယခုကဲ့သို့ ဒုံးကျည်စနစ်များကို အဆင့်မြှင့်တင် တပ်ဖြန့်လာခြင်းသည် ဂျပန်တပ်မတော်အနေဖြင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေး (Self-defense) မှတစ်ဆင့် ဒေသတွင်း တိုက်စစ်ဆင်နိုင်သည့် အနေအထား (Offensive capability) သို့ ပြောင်းလဲလာနေခြင်းဖြစ်ကြောင်း စစ်ဘက်ရေးရာကျွမ်းကျင်သူများက ရှုမြင်နေကြသည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် အရှေ့အာရှဒေသ၌လည်း ဂျပန်နိုင်ငံ၏ စစ်ရေးပြင်ဆင်မှုများကြောင့် ဒေသတွင်းလုံခြုံရေးအခြေအနေကို နိုင်ငံတကာက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။