(ပြည်တွင်း) မတ် ၁၇

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့တွင် နောက်ဆုံးနေ့အဖြစ် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
စာမေးပွဲဖြေဆိုမှု ဆဋ္ဌမနေ့တွင် ဇီဝဗေဒ၊ ဘောဂဗေဒ စသည့် ဘာသာရပ်များနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကို စာစစ်ဌာနစုစုပေါင်း ၈၈၇ ခု၌ ဖြေဆိုသူ ၂၅၄,၆၂၄ ဦး ပါဝင်ခဲ့ပြီး ယင်းသည် စုစုပေါင်းဖြေဆိုခွင့်ရှိသူ၏ ၉၄ ဒသမ ၇၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို စာစစ်ဌာန ၅၃ ခု၌ ဖြေဆိုသူ ၃,၃၆၄ ဦး (၉၉ ဒသမ ၃၅ ရာခိုင်နှုန်း) ပါဝင်ဖြေဆိုခဲ့ကြသည်။
စာမေးပွဲမဖြေဆိုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုခွင့်ကတ်များကို စစ်ဆေးပေးခဲ့ပြီး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာအာဏာပိုင်များက စောင့်ကြပ်ကူညီပေးခဲ့ကြသည်။
စာမေးပွဲကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းလည်း သိရသည်။
အလားတူ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၁၈ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
#PAN