AA ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ၃ နှစ်အရွယ်စလို့ သက်ငယ်မုဒိန်းမှုတွေ များပြာလာ

(မှုခင်း) မတ်၁၇

ရခိုင်ပြည်နယ်အတွင်းက ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ AA အဖွဲ့က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တွေစလို့ သက်ငယ်မုဒိန်းပြုကျင့်ခံရမှုတွေ များပြားလာတယ်လို့ သိရပါတယ်။

AA သိမ်းပိုက်အုပ်ချုပ်ထားတဲ့ မောင်တောမြို့နယ်က အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ မတ်လ ၁၆ ရက်နေ့ မနေ့က ညနေပိုင်းက အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ မနေ့က ညနေပိုင်းက ကစားဖို့ထွက်သွားရာကနေ အိမ်ကို ပြန်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အိမ်ပြန်ရောက်မလာတဲ့ ကလေးငယ်လေးကို မိသားစုဝင်တွေနဲ့ ရပ်သူရွာသားတွေက ဝိုင်းဝန်းရှာဖွေခဲ့ရာကနေ အဆိုပါကလေးငယ်ရဲ့ ရုပ်အလောင်းကို ည ၇ နာရီခွဲကျော်မှာ နေအိမ်တစ်လုံးရဲ့ နောက်ဖေးလမ်းကြားမှာ ဂုန်နီအိတ်တစ်လုံး ထုတ်ပြီး စွန့်ပစ်ထားတာကို တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ရခိုင်အခြေစိုက် မီဒီယာတွေက ရေးသားထားပါတယ်။

ဂုန်နီအိတ်ထဲမှာ သတ်ဖြတ်ခံထားရတဲ့ ကလေးငယ်မှာ အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရှိရခဲ့ရပြီး ကျူးလွန်သူတွေက ကလေးငယ်ရဲ့ အလောင်းကို မြေမြှုပ်ဖျောက်ဖျက်ဖို့ တူးလက်စ ကျင်းတစ်ခုကိုလည်း တွေ့ရှိခဲ့ရတယ်လို့လည်း ရေးသားချက်အရ သိရပါတယ်။

ဒါ့အပြင် AA ထိန်းချုပ်ရာ ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဖဒူကြီးကျေးရွာ ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ မတ်လ ၃ ရက်နေ့က စိုက်ခင်းကအပြန်မှာ အဓမ္မပြုကျင့်ခံထားရပြီး အဆိုပါ ဖြစ်စဉ်က တရားခံကို မဖမ်းမိသေးဘဲ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

စိုက်ခင်းကပြန်လာတဲ့ သူမကို အဓမ္မပြုကျင့်ခဲ့သူမှာ အသက် ၄၀ ဝန်းကျင် ဦးထွန်းအောင်ချေဆိုသူဖြစ်ပြီး မိသားစုဝင်တွေရဲ့ တိုင်ကြားမှုကြောင့် AA အဖွဲ့က မတ်လ ၄ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် ပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပြီး အခုအချိန်ထိ ပြန်လည်မဖမ်းမိသေးဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို AA လက်နက်ကိုင်အဖွဲ့က သိမ်းပိုက် အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း အသက် ၁၀ နှစ်တောင် မပြည့်သေးတဲ့ ကလေးငယ်တွေမှာ မကြာခဏဆိုသလို မြို့နယ်တွေအများစုမှာ ဒီကနေ့ထက်ထိတိုင် အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံရမှုတွေလည်း များပြားလာခဲ့တာဖြစ်ပါတယ်။

ရခိုင်ဒေသခံတွေမှာ AA အဖွဲ့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်တွေရဲ့ အားနည်းချက်တွေကို မကြိုက်သောလည်း အောင့်ကာနမ်းနေရပေမယ့် အခုလို အသက် ၃ နှစ်ကစ အသက် ၁၀ နှစ်တောင် မပြည့်သေးတဲ့ မိမိတို့ရဲ့ မိသားစုဝင် ရင်သွေးငယ် မိန်းကလေးတွေမှာ အဓမ္မပြုကျင့်ခံရမှုအပေါ် မထိန်းချုပ် မကိုင်တွယ်နိုင်တာကြောင့် ပြစ်တင်ပြောဆိုမှုတွေလည်း များပြားနေတာ ဖြစ်ပါတယ်။

#PAN