ကားအတွင်းမှဆီထုတ်စဉ် မီးလောင်မှု မြဝတီတွင်ဖြစ်ပွား ဒဏ်ရာရရှိသူ သုံးဦး‌ရှိ

(မှုခင်း) မတ် ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း ကားတစီးမှ အခြားကားတစီးသို့ ဓာတ်ဆီထုတ်ယူရာမှ မီးလောင်မှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူသုံးဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပထမအကြိမ် မီးလောင်မှုမှာ မတ်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ နှစ်ဦးစလုံးကို နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစေခဲ့သည်။

ထို့နောက် မတ်လ ၉ ရက်နေ့တွင်လည်း အလားတူ ကားတစီးမှ ဆီထုတ်ယူနေသည့် အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာ အနီရောင်အဆင့် (ပြင်းထန်) ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက အတည်ပြုသည်။

လက်ရှိတွင် မြဝတီမြို့တွင်းရှိ စက်သုံးဆီဆိုင်အချို့မှာ ဆီပြတ်လပ်မှုကြောင့် ယာယီပိတ်ထားရပြီး ကျန်ရှိသည့်ဆိုင်အချို့တွင် ရောင်းချနေသော်လည်း ဝယ်ယူသူများဖြင့် စည်းကားလျက်ရှိသည်။

ဆီဝယ်ယူမှုခက်ခဲတာကြောင့် အချို့သော ကားပိုင်ရှင်များသည် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားကိုဖြတ်၍ မဲဆောက်ဘက်ခြမ်းသို့ သွားရောက်ကာ ကားဆီဖြည့်တင်းပြီးနောက် မြဝတီသို့ ပြန်လည်ရောက်ရှိလာကာ ၎င်းတို့၏ကားအတွင်းမှ ဆီများကိုစုပ်ယူပြီး ဈေးနှုန်းမြှင့်တင်၍ ပြန်လည်ရောင်းချနေကြသည်ကိုလည်း တွေ့ရှိရသည်။

ဤသို့ နယ်စပ်ဖြတ်ကျော် ဆီသယ်ယူရောင်းချမှုနှင့် ကားအတွင်းမှ တိုက်ရိုက်ဆီထုတ်ယူမှုများသည် မီးဘေးအန္တရာယ်ကို ပိုမိုမြင့်တက်စေကြောင်း၊ လုံခြုံရေးအသိပညာပေးမှုများ ချက်ချင်းလုပ်ဆောင်သင့်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။