ဒီစစ်ပွဲကို ကျွန်ုပ်တို့စတင်တာမဟုတ်၊ အမေရိကန်ကသာ စတင်ခဲ့တာဖြစ်တယ်ဟု အိန္ဒိယဆိုင်ရာ အီရန်ကိုယ်စားလှယ် ပြောကြား

(နိုင်ငံတကာ) မတ် ၁၂

အိန္ဒိယနိုင်ငံဆိုင်ရာ အီရန်အဓိပတိခေါင်းဆောင်၏ ကိုယ်စားလှယ်ဖြစ်သူ အဗ္ဗဒူ မာဂျစ် ဟာကင်မ် အီလာဟီ က လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ပြင်းထန်သော သတိပေးချက်တစ်ခုကို ထုတ်ဖော်ပြောကြားလိုက်သည်။

၎င်းက “ဒီစစ်ပွဲကို ကျွန်ုပ်တို့ (အီရန်) က စတင်ခဲ့တာ မဟုတ်ပါဘူး။ အမေရိကန်ကသာ ဒီစစ်ပွဲကို စတင်ခဲ့တာ ဖြစ်ပါတယ်” ဟု အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ပြီး အီရန်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် ကြီးမားသော အမှားအယွင်းတစ်ခု ဖြစ်ကြောင်း အလေးအနက် ပြောဆိုခဲ့သည်။

ထို့အပြင် “အီရန်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဟာ ဘယ်လောက်အထိ ကြီးမားတဲ့ အမှားအယွင်းဖြစ်တယ်ဆိုတာကို သူတို့ (အမေရိကန်နှင့် မဟာမိတ်များ) မကြာခင်မှာ နားလည်သွားကြပါလိမ့်မယ်” ဟုလည်း ၎င်းက ဆက်လက်သတိပေးခဲ့သည်။