ဒဂုံတောင် ယာဉ်တိုက်မှုတွင် ယာဉ်ခေါင်းခန်းအတွင်းညပ်နေသူအား မီးသတ်တပ်ဖွဲ့ ကယ်ဆယ်

(မှုခင်း) မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်း၌ ၁၁ ရက်နေ့ မွန်းလွဲ ၁၂နာရီ၅‌၅မိနစ် အချိန်ခန့်တွင်  ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များမှ အမြန်ဆုံးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးတို့သည် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်သားများသည် ယာဉ်တိုက်မှုကြောင့် ယာဉ်ခေါင်းခန်းအတွင်း ပိတ်မိနေသူကို ကယ်ထုတ်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မွန်းလွှဲ ၁ နာရီဝန်းကျင် အချိန်တွင် ယာဉ်ခေါင်းခန်းအတွင်း ညပ်နေသော အမျိုးသား (၁)ဦးအား အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့‌ကြောင်း သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများအပြီးတွင် အဆိုပါ အမျိုးသားအား မြို့ဦးလုလင် ပရဟိတအသင်း၏ ကယ်ဆယ်ရေးယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသားမှာထိခိုက်ဒဏ်ရာအနည်းငယ်သာ  ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပရဟိတအသင်းများက အချိန်မီရောက်ရှိလာပြီး ကူညီကယ်ဆယ်မှုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#PAN