(ပြည်တွင်း) မတ် ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် လာရောက်လည်ပတ်ခဲ့တဲ့ ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စီးဟာ ယနေ့ညနေပိုင်းမှာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ MITT တံတားကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

စစ်ရေယာဉ်တွေ ထွက်ခွာချိန်မှာတော့ တပ်မတော်(ရေ)မှ အရာရှိကြီးတွေ၊ အရာရှိနဲ့ စစ်သည်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆိပ်ကမ်းမှာ လာရောက်ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။
ဒီခရီးစဉ်ကို ရုရှားရေတပ်အဖွဲ့ခေါင်းဆောင် Captain 1st Rank Andrei Gaevoi ဦးစီးလာပြီး အရာရှိနဲ့ စစ်သည်စုစုပေါင်း ၃၅၀ ခန့် လိုက်ပါလာခဲ့ပါတယ်။ မတ်လ ၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။
ခရီးစဉ်အတွင်းမှာတော့ ရုရှားရေတပ်သားတွေဟာ ရန်ကုန်မြို့ရှိ အထင်ကရနေရာတွေကို လေ့လာလည်ပတ်ခဲ့ကြပြီး မြန်မာ့တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်တွေ နဲ့အတူ ချစ်ကြည်ရေးအားကစားပြိုင်ပွဲတွေကိုလည်း ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
အဲဒီပြိုင်ပွဲတွေထဲမှာ ဘောလုံး၊ ဘော်လီဘော၊ လွန်ဆွဲနဲ့ ဘတ်စကက်ဘောပြိုင်ပွဲတွေ ပါဝင်ခဲ့ပြီး နှစ်ဖက်ရေတပ်အကြား ချစ်ကြည်ရေးပိုမိုတိုးမြှင့်လာစေခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ရေယာဉ်များပေါ်သို့ အပြန်အလှန်တက်ရောက်လေ့လာကြတဲ့ အစီအစဉ်တွေကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#PAN