မှုခင်း၊ မတ် ၁၀
ထိုင်းနိုင်ငံတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မဖြစ်ပေါ်စေရန် တိုက်ဖျက်ရေးလုပ်ငန်းများကို အင်အားစုများနှင့်အတူ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း စစ်ဆေးကြပ်မတ်မှုများ ဆက်လက်ပြုလုပ်နေသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်နေစဉ် မတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေသော ပူးပေါင်းအဖွဲ့က ရန်ကုန်–မော်လမြိုင်ကားလမ်းအတိုင်း လမ်းလျှောက်လာသည့် မသင်္ကာဖွယ် တရုတ်နိုင်ငံသားတစ်ဦးကို တွေ့ရှိ၍ စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ အဆိုပါအမျိုးသားမှာ တရုတ်နိုင်ငံ ကျုံ့ကျန်းပြည်နယ်နေ အသက် ၄၅ နှစ်အရွယ် Mr. Jiang Xiaoqiang ဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဖမ်းဆီးခံရသူ၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိပြီး တစ်လလျှင် ထိုင်းဘတ်ငွေ ၂၀၀၀ ဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ထိုလုပ်ငန်းများကို နေရာအတည်တကျမရှိဘဲ နေရာ ၅ နေရာခန့် ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရကြောင်းလည်း ပြောကြားထားသည်။
၂၀၂၆ ခုနှစ် မတ်လအတွင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မှ သောင်ရင်းမြစ်ကို စက်လှေဖြင့် ဖြတ်ကူး၍ မြန်မာနိုင်ငံ မြဝတီမြို့သို့ ဝင်ရောက်လာခဲ့ပြီး အဆောက်အအုံတစ်ခုတွင် နေထိုင်ခဲ့ရပြီးနောက် ထွက်ပြေးတိမ်းရှောင်လာရာမှ မုပ္ပလင်စစ်ဆေးရေးဂိတ်အနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသားကို သက်ဆိုင်ရာတွင် ထိန်းသိမ်းထားရှိပြီး မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၃ (၁) အရ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN