ပုသိမ်ကြီးမြို့နယ်တွင် ဆီဘောက်ဆာယာဉ် တိမ်းမှောက်ရာမှ မီးလောင်မှုဖြစ်ပွား

(ပြည်တွင်း) မတ် ၁၀

     မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း(၁၉ မိုင်တိုးဂိတ်အနီး)တွင် ယမန်နေ့ မွန်းလွဲ၂နာရီအချိန်က စက်သုံးဆီတင်ဆောင်လာသော ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ပြင်းထန်စွာ မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

     ဆီဘောက်ဆာကား မီးလောင်သည့်နေရာသို့ ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မတ္တရာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့်  မြကန်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့နှင့် မီးသတ်ယာဉ်များစွာဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရသည်။

     ထို့နောက် မွန်းလွဲ၃နာရီ၂၂မိနစ် အချိန် မီးထိန်းနိုင်ခဲ့ပြီး  မွန်းလွဲ၃နာရီ၃၇မိနစ် အချိန် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

     မီးလောင်မှုကြောင့် လမ်းပိုင်းခဏတာ ပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ အခြေအနေကိုတော့ သက်ဆိုင်ရာက ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။ ဆီဘောက်ဆာယာဉ်မှာမူ မီးလောင်ကျွမ်းမှုကြောင့် အတော်အသင့် ပျက်စီးသွားခဲ့သည်။

     ကနဦးသတင်းများအရ လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာမှ ဆီယိုစိမ့်ပြီး မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်သည် သိရသည်။

​​#PositiveAngle #Patheingyi #Mandalay #OilTankerFire #BreakingNews #MyanmarTraffic
Telegram»…
https://t.me/positiveanglenews
#PAN