
(ပြည်တွင်း)မတ်လ ၅
အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ခဲ့သည့် တောင်ကိုးရီးယားနိုင်ငံသား တစ်ဦးအား မတ် ၂ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၄,၃၆၅ ဦးအား ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃,၂၆၂ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိနေသော ပြည်ပနိုင်ငံသား ၁,၁၀၃ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများကို ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးအတွက် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။