


(နိုင်ငံတကာ) မတ်လ ၅
အိုမန်နိုင်ငံ၊ ဒူကမ် ကူးသန်းရောင်းဝယ်ရေးဆိပ်ကမ်းဟာ ဒရုန်းယာဉ်အမြောက်အမြားနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ဆိပ်ကမ်းအတွင်းက လောင်စာဆီသိုလှောင်ကန်တစ်ခု ထိမှန်သွားတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်ကို ကိုးကားပြီး အစိုးရသတင်းအေဂျင်စီက သတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။
အခုတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံအပေါ် လေးရက်မြောက်နေ့အဖြစ် ဗုံးကြဲတိုက်ခိုက်နေချိန်မှာ ဖြစ်ပွားခဲ့တာပါဖြစ်ပြီး အီရန်ဘက်ကလည်း အိမ်နီးချင်းနိုင်ငံတွေကို ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့သိရပါတယ်။
ဒီဖြစ်စဉ်မတိုင်ခင် တစ်ရက်အလိုမှာတင် ကမ္ဘာ့ဓာတ်ငွေ့တင်ပို့မှု ငါးပုံတစ်ပုံခန့်ရှိတဲ့ ကာတာနိုင်ငံက သဘာဝဓာတ်ငွေ့ (LNG) ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်သလို ဆော်ဒီအာရေဗျနိုင်ငံကလည်း သူတို့ရဲ့ အကြီးဆုံး ပြည်တွင်းရေနံချက်စက်ရုံအတွက် ပုံမှန်လုပ်ငန်းစဉ်တွေကို ရပ်နားထားခဲ့ပါတယ်။
ဒါ့အပြင် လီဗိုင်းယသန် အပါအဝင် အစ္စရေးရဲ့ အဓိက သဘာဝဓာတ်ငွေ့သိုက်တွေလည်း လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီးအီရန်က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စွမ်းအင်ကဏ္ဍ၊ ဆိပ်ကမ်းနဲ့ လေဆိပ်စတဲ့ အခြေခံအဆောက်အအုံတွေကို ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အီရတ်၊ ကာဒစ်စတန်ဒေသက ထုတ်လုပ်မှုအများစုလည်း ရပ်တန့်သွားပြီဖြစ်ကြောင်း သိရပါတယ်။