


(မှုခင်း) မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့၌ စက်သုံးဆီများ တရားမဝင် လက်ဝယ်ထားရှိသူများအား မတ် ၁ ရက်နေ့ကဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့တို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် သတင်းအရ မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာယာရပ်ကွက်နေ ဦးရဲအောင်(၄၆)နှစ်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်းမှ လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင် သိုလှောင်ရောင်းချလျက်ရှိသော ဒီဇယ်ဆီ ၅၀၀ ဂါလန်(တန်ဖိုးငွေ ၅,၄၇၃,၃၈၄ ကျပ်ခန့်)နှင့် စက်သုံးဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။
အလားတူ ယင်းနေ့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ပူးပေါင်းအဖွဲ့များသည် ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာနေ ဦးသိန်းထိုက်(၃၇)နှစ်၏နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်းမှ လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင် သိုလှောင်ရောင်းချလျက်ရှိသော ဓာတ်ဆီ ၇၉၀၀ ဂါလန်(တန်ဖိုးငွေ ၈၁,၂၇၁,၁၁၉ ကျပ်ခန့်)၊ ဒီဇယ်ဆီ ၆၀၀ ဂါလန်(တန်ဖိုးငွေ ၆,၅၆၆,၆၁၆ ကျပ်ခန့်) တို့နှင့် စက်သုံးဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ထို့နောက် အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ ထန်းပင်ဆိပ်ကျေးရွာနေ ဒေါ်ခင်ခင်ထွေး(၅၆)နှစ်၏ နေအိမ်အား ထပ်မံ ဝင်ရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်း ပီပါများအတွင်းမှ လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင် သိုလှောင်ရောင်းချလျက်ရှိသော ဒီဇယ်ဆီ ၅၀၀ ဂါလန်(တန်ဖိုးငွေ ၅,၄၇၃,၃၈၄ ကျပ်ခန့်)နှင့် စက်သုံးဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီ တရားမဝင် သိုလှောင်သူ ၃ဦးတို့အား သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။