


(စီးပွားရေး) ဖေဖော်ဝါရီ ၂၄
လူနှင့် ပတ်ဝန်းကျင်ကျန်းမာရေးကို ထိခိုက်စေနိုင်မှုမြင့်မားကြောင်းသတ်မှတ်ထားသဖြင့် ပါရာကွပ် (Paraquat) ပါဝင်သည့် ပေါင်းသတ်ဆေးများကို မြန်မာနိုင်ငံအတွင်း မကြာမီ လုံးဝ တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင်ကျင်းပခဲ့သော အစည်းအဝေးဆုံးဖြတ်ချက်အရ ဧပြီလ ၁ ရက်မှစတင်ကာ ပါရာကွပ်ကို “သုံးစွဲရန်တားမြစ်ပိတ်ပင်ဆေး (Banned Pesticide)” အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ထိုနေ့မှစ၍ မှတ်ပုံတင်ခြင်း၊ တင်သွင်းခြင်း၊ ဖော်စပ်ထုတ်လုပ်ခြင်း၊ ပြန်လည်ထုတ်ပိုးခြင်းနှင့် ရောင်းချခြင်းများအားလုံး ခွင့်မည်မဟုတ်ကြောင်း သိရသည်။
လက်ရှိ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခွင့်ရရှိထားသည့် ပါရာကွပ်ပေါင်းသတ်ဆေး လက်ကျန်ပစ္စည်းများကိုလည်း ဧပြီ ၁ ရက်မတိုင်မီ အပြီးသတ် ရုပ်သိမ်းထားရန် ပိုးသတ်ဆေးလုပ်ငန်းရှင်များအား အသိပေးထားသည်။
ထို့အပြင် သတ်မှတ်ကာလနောက်ပိုင်းတွင် ဆက်လက်ရောင်းချသုံးစွဲနေသည်ကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ပါရာကွပ်ပေါင်းသတ်ဆေးအမျိုးအစားကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ယူကေ အပါအဝင် နိုင်ငံများစွာတွင်လည်း တားမြစ်ပိတ်ပင်ထားပြီး ဖြစ်သည်။
အလားတူပင် သိုင်ရာမီသောက်ဇင် (Thiamethoxam) နှင့် ကလိုသိုင်ရာနီဒင် (Clothianidin) ပါဝင်သည့် ပိုးသတ်ဆေးများကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ ၂နှစ်တာကာလအထိ တားမြစ်ထားကြောင်းပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။