

(ပြည်တွင်း) ဖေဖော်ဝါရီ ၂၄
လာမယ့် အစိုးရသက်တမ်းမှာ ကုန်သည်စက်မှု အသင်းချုပ်က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အကြံပြုချက် စာတမ်းကို တင်ပြသွားမှာဖြစ်တယ်လို့ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းကပြောပါတယ်။
ကုန်သည်စက်မှုအသင်းချုပ် အမှုဆောင်သက်တမ်းသစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (ဗ-၂/၂၅-၂၈) ကို ဖေဖော်ဝါရီ ၁၉ ရက်က ကုန်သည်စက်မှုအသင်းချုပ် အစည်းအဝေးခန်းမမှာကျင်းပခဲ့တာဖြစ်ပြီး အသင်းရဲ့ ဥက္ကဋ္ဌတွေအပါဝင် ဗိုလ်အလုပ်အမှုဆောင်ကော်မတီတွေလည်းတက်ရောက်တယ်လို့ အဲဒီအသင်းထံက သိရပါတယ်။
အစိုးရသစ်ကိုတင်ပြမယ့် စာတမ်းပြုစုဖို့အတွက် UMFCCI ရဲ့ ပြီးခဲ့တဲ့အမှုဆောင်အစည်းအဝေးမှာ တင်ပြဆွေးနွေးထားပြီဖြစ်ကာ စာတမ်းမှာအဓိကကျတဲ့အချက်ဟာ နယ်ပယ်ကဏ္ဍအသီးသီးက survey ပေါင်း ၁၀၀၀ ခန့် အပေါ် အခြေခံကာ သုံးသပ်ရေးသားမှာဖြစ်တဲ့အပြင် အသင်းအဖွဲ့တွေအလိုက် သီးခြား အကြံပြုချက်တွေ ရှိပါက ပေးနိုင်ဖို့ အသင်းချုပ်အနေနဲ့ အသင်းအဖွဲ့တွေနဲ့ တောက်လျှောက်တွေ့ဆုံကာ အကြံပြုချက်တွေကို ရယူလျက်ရှိတယ်လို့လည်း UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောဆိုထားပါတယ်။
အဆိုပါ အကြံပြုစာတမ်းကို မတ်လ မကုန်မီနောက်ဆုံးထားကာ ပြင်ဆင်မှာဖြစ်ပြီး လိုအပ်တာတွေကို ဝိုင်းဝန်းကူညီပေးကြဖို့တိုက်တွန်းထားသလို အသင်းချုပ်အနေနဲ့ National Apex Organization ဖြစ်တာနဲ့အညီ လာမယ့်အစိုးရသစ် သက်တမ်းအစမှာ ပုဂ္ဂလိက ကဏ္ဍဘက်က အမှန်တကယ် ထိရောက်တဲ့ အကြံပြုစာတမ်း တင်ပြနိုင်ခြင်းဟာ မိမိတို့အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မိမိတို့ နိုင်ငံအတွက် စိုက်ပျိုးရေး၊မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေဟာ မငြင်းနိုင်တဲ့ ဦးစားပေး ကဏ္ဍတွေံဖြစ်ကာ အထောက်အကူပြု ကဏ္ဍတွေဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နဲ့ စွမ်းအင်၊ ဘဏ်နဲ့ ငွေကြေးနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးတို့ကိုလည်း ဦးစားပေးကဏ္ဍတွေမှာ ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့လည်း UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောဆိုထားတာဖြစ်ပါတယ်။
အဆိုပါ စီးပွားရေးကဏ္ဍတွေကို ကိုယ်စားပြုလုပ်ဆောင်နိုင်ဖို့မှာ ကော်မတီတွေဖွဲ့စည်း ဆောင်ရွက်ရမှာ ဖြစ်တာကြောင့် အသင်းချုပ်အနေနဲ့ သက်ဆိုင်ရာ ကော်မတီတွေ ဖွဲ့စည်းထားပြီး ဖြစ်ပြီး ကော်မတီတွေရဲ့ လှုပ်ရှားမှုတွေဟာ အသင်းချုပ်ရဲ့ လှုပ်ရှားနိုင်မှုနဲ့ စွမ်းဆောင်နိုင်မှုပင်ဖြစ်ပြီး ယခုအမှုဆောင်သက်တမ်းအတွက် အရေးကြီးဆုံးဖြစ်သလို ညီနောင်အသင်းအဖွဲ့ဆတွေအနေနဲ့ အဆိုပါကော်မတီတွေနဲ့အတူ ဆက်စပ်ပေါင်းစည်း လှုပ်ရှားနိုင်ဖို့လည်း အရေးကြီး ကုန်သည်စက်မှုအသင်းချုပ် အမှုဆောင်သက်တမ်းသစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းကပြောဆိုထားပါတယ်။