
(ပြည်တွင်း) ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာရှိတဲ့ “ထက်”ကိုယ်ပိုင်းအထက်တန်းကျောင်းက Grade 5 နဲ့ Grade 9 ကျောင်းသား ၂၀၀ နီးပါးနဲ့ မုံရွာမြို့က ဆယ်နဲ့ချီတဲ့ကျောင်းသားတွေဟာ ဒီနေ့စတင်ဖြေဆိုတဲ့ စာမေးပွဲတွေဝင်ရောက်ဖြေဆိုခွင့်မရပဲ ဖြစ်ခဲ့တယ်လို့ ကျောင်းသားမိဘတွေနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းတွေထံက သိရပါတယ်။
စစ်ကိုင်းမြို့မှာရှိတဲ့ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းက G-5 (၇၂) ဦးနဲ့ G-9 (၈၉) ဦးကတော့ ကျောင်းသား/သူတွေရဲ့နာမည် ခုံအမှတ်၊ လက်မှတ်တွေ၊ မိဘတွေရဲ့ အမည်၊ လက်မှတ်တွေနဲ့အတူ စားမေးပွဲပြန်လည်ဖြေဆိုခွင့်ရအောင်အသနားခံစာတင်ထားတယ်လို့ သိရပါတယ်။
(၁၉-၂-၂ဝ၂၆)နေ့တွင် အထက်ဖော်ပြပါ အခုစာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးခဲ့ကြရတဲ့ G-5 နဲ့ G-9 ကျောင်းသား/သူတွေကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးတွေက စာမေးပွဲဖြေဆိုခွင့် ခုံအမှတ်နဲ့ ဖြေဆိုခွင့်ကဒ်ပြားတွေ ထုတ်ပေးခဲ့သလို စာဖြေဌာနတွေရဲ့ ကြေငြာဘုတ်တွေမှာလည်း ကြေငြာထားပြီးလည်းဖြစ်တယ်လို့ သိရပါတယ်။
Grade 5 နဲ့ Grade 9 အစိုးရစစ်စာမေးပွဲတွေကို ဒီနေ့မှာစတင်ဖြေဆိုတာကြောင့် ကျောင်းသား/သူတွေနဲ့ မိဘတွေဟာ စာမေးပွဲဖြေဆိုခွင့်ကဒ်တွေကိုင်ဆောင်ကာ စာမေးပွဲဖြေဆိုဖို့ သက်ဆိုင်ရာစာဖြေဌာနနဲ့ စာမေးပွဲခန်းတွေကိုရောက်ရှိမှသာ ဖြေဆိုခွင့်မပြုဘူးဆိုတာကို ပြောဆိုခံရတာလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ကျောင်းသားမိဘတွေဟာ သူတို့ရဲ့သားသမီးတွေ ဘာကြောင့် စာမေးပွဲဖြေခွင့်မရသလဲဆိုတာနဲ့ပတ်သက်ပြီး ကြီးကြပ်ရေးမှူးတွေကို မေးမြန်းပေမယ့် အထက်ကညွှန်ကြားတာကြောင့်ဆိုတာနဲ့တင် ပြီးပြတ်သွားတယ်လို့ပြောဆိုထားပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်တွင်းမီဒီယာတွေကလည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကို မေးမြန်းထားဆဲဖြစ်ပါတယ်။