(ပြည်တွင်း) ဖေဖော်ဝါရီ ၂၁

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါက်တာသက်သက်ခိုင်ဟာ ဥက္ကဋ္ဌအဖြစ်ကနေ စွန့်လွှတ်ပြီး ဂုဏ်ထူးဆောင်နာယကအဖြစ် ပြောင်းလဲတာဝန်ယူတယ်လို့ သိရပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားပေမယ့် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းတာကြောင့် ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ PPP ပါတီကနေ လွှတ်တော်ကိုယ်စားလှယ် အယောက်၂၀ သာ ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။
ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာ သက်သက်ခိုင်က ဂုဏ်ထူးဆောင်နာယကအဖြစ် ပြောင်းလဲတာဝန်ယူမှာဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ(၂) ဦးစောဟန်အေး က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်သလို ပါတီထိပ်ပိုင်းနေရာတချို့လည်း အပြောင်းအလဲရှိတယ်လို့ သိရပါတယ်။
ဒေါက်တာသက်သက်ခိုင်ဟာ ရွေးကောက်ပွဲကာလအတွင်းမှာ နိုင်ငံခြားသားနဲ့တရားမဝင်တွေ့ဆုံခဲ့တာကြောင့် UEC ကရေးယူဖို့ရှိနေပါတယ်။
ဒေါက်တာသက်သက်ခိုင်ဟာ ပါတီရဲ့ဥက္ကဋ္ဌရာထူးကိုစွန့်လွှတ်လိုက်ပေမယ့် ဂုဏ်ထူးဆောင်နာယကအပြင် HR ကော်မတီမှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားတယ်လို့ သိရပါတယ်။
#PAN