

(မှုခင်း) ဖေဖော်ဝါရီ ၂၀
မြဝတီမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၌ ငွေကျပ် ၉,၂၈၉.၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ(၄)လမ်းနေ အောင်လွင်(ခ)မောင်ထင်း ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မရီရွှင်ကြည်း၊ ရဲဝင်းနိုင်(ခ)ရန်ကျုံးခံ၊ လောက်ချိန် နှင့် အားစော တို့အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၁၂.၁၅ ကီလို(တန်ဖိုးငွေကျပ် ၄၂၅၂.၅ သိန်း)၊ အက်တက်စီဆေးပြား ၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၀၀၀)၊ Happy Water အလေးချိန် ၄၇၅ ဂရမ်(တန်ဖိုးငွေကျပ်သိန်း ၃၈၀)၊ အရောင်မှုန့် အလေးချိန် ၃ ကီလို(တန်ဖိုးငွေကျပ် ၁.၅ သိန်း)၊ ကက်တမင်းအရည် ၁.၁၉ လီတာ(တန်ဖိုးငွေကျပ် ၂၃.၈ သိန်း)၊ ဘိန်းစာရွက်ပြုတ်ရည် ၆ လီတာ(တန်ဖိုးငွေကျပ် ၁.၂ သိန်း)၊ Ethy Alchol ၇လီတာ(တန်ဖိုးငွေကျပ် ၇၀,၀၀၀)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၇,၀၀၀ ပြား(တန်ဖိုးငွေကျပ်သိန်း ၁,၇၄၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မနက် ၈ နာရီခွဲအခန်ခန့်တွင် အောင်နိုင်(ခ)အားကျီ၊ မင်းသက်နိုင်(ခ)အားချိန်၊ အောင်ကျော်နိုင်(ခ) ယောင်ချုံယု၊ အောင်မင်းသူ(ခ)ကျူးယုံအန်း နှင့် နေမင်းထွေး(ခ)အားကျယ် တို့ငှားရမ်းနေထိုင်သည့် အဆိုပါရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဘိန်းဆီခဲ အလေးချိန် ၅.၈ ကီလို(တန်ဖိုးငွေကျပ်သိန်း ၅၈၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၅၀၀ ဂရမ်(တန်ဖိုးငွေကျပ်သိန်း ၄၀၀)၊ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၂၀၀ ဂရမ်(တန်ဖိုးငွေကျပ်သိန်း ၆၀)၊ အက်တက်စီဆေးပြား ၅၀၀ ပြား(တန်ဖိုးငွေကျပ်သိန်း ၂၅၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား(တန်ဖိုးငွေကျပ်သိန်း ၆၀၀)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်လွင်(ခ)မောင်ထင်း(၂၅)နှစ်၊ မရီရွှင်ကြည်း(၂၀)နှစ်၊ ရဲဝင်းနိုင်(ခ)ရန်ကျုံးခံ(၂၀)နှစ်၊ လောက်ချိန်(၃၉)နှစ်၊ အားစော(၃၃)နှစ်၊ အောင်နိုင်(ခ)အားကျီ(၂၆)နှစ်၊ မင်းသက်နိုင်(ခ)အားချိန်(၂၄)နှစ်၊ အောင်ကျော်နိုင်(ခ) ယောင်ချုံယု(၃၃)နှစ်၊ အောင်မင်းသူ(ခ)ကျူးယုံအန်း(၂၄)နှစ်နှင့် နေမင်းထွေး(ခ)အားကျယ်(၂၆)နှစ်တို့အား မြဝတီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်