တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူ

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၉

တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူပြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့နယ် အမှတ် (၅) ရပ်ကွက်နှင့် အမှတ် (၆) ရပ်ကွက်တို့အတွင်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားမဝင်စက်သုံးဆီဓာတ်ဆီဂါလန် ၅၉၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၂၀၀၀၀) နှင့် စက်သုံးဆီများ တင်ဆောင်လာသည့် လိုင်စင်ရှိ Mitsubishi L200 Pick Up တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်း‌ေကာင်း၊ ယင်းစက်သုံးဆီများတင်ဆောင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀) အား ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၇၂၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရေတာရှည်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၀ ဒသမ ၇၈၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘီးလင်းမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၉ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၇၉၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နည်းတူ ချင်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟားခါးမြို့နယ် ဈေးဟောင်းရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကိုဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပန်းတောင်းမြို့နယ်၊ ကျောက်တံတားမြို့နယ်နှင့် ပဲခူးမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၉၇၆ တန်၊ အခြားသစ် ၂၀ ဒသမ ၄၂၁ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၄၂၀၂၈ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၄၂၀၂၈) ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ယင်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။