

(မှုခင်း)ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်ရှိ Diamond Crown ရွှေဆိုင်ပိုင်ရှင်ထံမှ ရတနာပစ္စည်းများ လုယက်သွားသည့် တရားခံအား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၆ရက်နေ့ ညနေ ၆နာရီ၄၀မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်၊၇၃ လမ်း၊၃၃×၃၄ လမ်းကြားရှိ Diamond Crownရွှေဆိုင်ရှေ့တွင် ဆိုင်ပိုင်ရှင် ဒေါ်ဇင်မာဦး၊၅၆နှစ်၊(ဘ)ဦးလှမြင့်ဦးသည် ၎င်း၏ သူငယ်ချင်းဖြစ်သူ ဒေါ်ဘေဘီဦးအား ဆိုင်ရှေ့သို့လိုက်ပို့၍ စကားပြောနေစဥ် ကျား ၂ဦးမှ ဆိုင်ကယ် ၁စီးဖြင့်ရောက်ရှိလာပြီး ဒေါ်ဇင်မာဦးလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်း ထည့်ထားသော IPhone 17 Pro လိမ္မော်ရောင် ဖုန်းနှင့် တန်ဖိုး သိန်း ၂၀၀၀ ကျပ်ခန့်ရှိ ကျောက်၊ပတ္တ မြား၊နီလာ၊စိန်ထည်ပစ္စည်းများ လုယက်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှ လုယူသွားသော တရားခံများဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရှိရာ ည၁၂နာရီ၁၅မိနစ် အချိန်တွင် လုယက်သွားသည့် တရားခံ ဘောကြီး(ခ)ထိန်လင်း၊၁၉နှစ်၊(ဘ)ဦးဇော်လေး၊ကျပန်း၊မဟာအောင်မြေမြို့နယ်၊သံလျှက်မှော်အနောက်ရပ်ကွက်၊အောက်ကမ်းနားလမ်း၊၄၁×၄၂ လမ်းကြား နေသူအား ၎င်း၏နေအိမ်တွင် လုယက်သွားသော ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။