OWIC ကတ်ဖိုးကို အလုပ်သမားကိုယ်တိုင် ငွေလွှဲလျှောက်လွှာနဲ့ ပေးသွင်းရမယ် အလုပ်သမားဝန်ကြီးဌာနကြေညာ

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၁

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနဲ့ပတ်သတ်တဲ့ အသိပေးကြေညာချက်တစ်ရပ်ကို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေ ပြည်ပနိုင်ငံကို ရောက်ရှိတဲ့အချိန် သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေပါခံစားခွင့်တွေ ရရှိနိုင်စေဖို့နဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေ ဖြစ်ပေါ်လာတဲ့အချိန်မှာ လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့အတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြောပါတယ်။

အခုလိုလုပ်ဆောင်ရာမှာ OWIC ကတ်ပြုလုပ်ခွင့်ရရှိတယ်လို့ ကြေညာခြင်းခံရတဲ့ အလုပ်သမားတွေအနေနဲ့ ၁-၃-၂၀၂၆ ရက်နေ့ကစပြီး OWIC ကတ်ဖိုး ကျပ် ၅၆၀၀/- နဲ့ ပျောက်ဆုံး/ ပျက်စီးပါက ဒဏ်ကြေးအဖြစ် ကျပ် ၂၂၄၀၀/- ကို မြန်မာ့စီးပွားရေးဘဏ်ခွဲတွေကတစ်ဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီရဲ့ ငွေစာရင်းအမှတ် OA-013904 ကို အလုပ်သမားကိုယ်တိုင် ငွေလွှဲလျှောက်လွှာနဲ့ ပေးသွင်းရမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

OWIC ကတ်ဖိုးငွေတွေကို OA-013904 ကို ပေးသွင်းပြီးပါက ငွေပေးသွင်းခဲ့တဲ့ ငွေလွှဲလျှောက်လွှာ (မူရင်း) နဲ့အတူ မိတ္တူ (၁) စောင်အားယူဆောင်ကာ OWIC ပြုလုပ်ရမယ့်နေ့ရက်မှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) OWIC ထုတ်ပေးရေးစင်တာကို လာရောက်ဆက်သွယ် ဆောင်ရွက်ရမှာဖြစ်ပြီး ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းခြင်း၊ ငွေလွှဲလျှောက်လွှာ မမှန်ကန်ခြင်း၊ ငွေလွှဲလျှောက်လွှာ (မူရင်း) ပြသနိုင်မှုမရှိခြင်းတွေဖြစ်ပေါ်ပါက OWIC ကတ်ထုတ်ပေးမှာမဟုတ်ဘူးလို့ အလုပ်သမားဝန်ကြီးဌာနအသိပေးကြေညာထားပါတယ်။