မြို့နယ်၂မြို့နယ်တွင် ငွေကျပ်သိန်း ၂,၀၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဖေဖော်ဝါရီ ၁၁

သင်္ဃန်းကျွန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် ကျပ်သိန်း ၂,၀၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ဖေဖော်ဝါရီလ ၇ ရက်နေ့ ၆နာရီ၃၀မိနစ် အချိန်ခန့်၌ သတင်းအရ သက်သေများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်တွင် အောင်ကိုကို(ခ)အောင်လေး(ခ)ကျော်မောင်မောင် မောင်းနှင်ပြီး ဇော်မျိုးဆွေ လိုက်ပါလာသည့် TOYOTA MARK X အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၅,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၅၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ၇နာရီ၃၀မိနစ် အချိန်၌ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ဦးသန်းမောင် နှင့် ဦးကျော်ဇောလှ တို့အား တာမွေမြို့နယ်၊ (၁၆၅)လမ်းထောင့်တွင် လက်ကိုင်ဖုန်း ၂ လုံးတို့နှင့် လည်းကောင်း၊ ၈နာရီ၃၀မိနစ် အချိန်တွင် အောင်ကိုကို(ခ)အောင်လေး(ခ)ကျော်မောင်မောင် ငှားရမ်းနေထိုင်သည့် ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)နှင့် TOYOTA MARK X အမျိုးအစား မော်တော်ယာဉ် ၁ စီးတို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ အောင်ကိုကို(ခ)အောင်လေး(ခ)ကျော်မောင်မောင်(၃၀)နှစ်၊ ဇော်မျိုးဆွေ(၃၇)နှစ်၊ ဦးသန်းမောင်(၅၉)နှစ် နှင့် ဦးကျော်ဇောလှ(၆၄)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။