မကွေးကနွား ရခိုင်ကိုရောက်ရင် တစ်ကောင် သိန်း ၁၀၀ ဈေးရ

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းက ဆင်ကြီးရေပေါ်ရွာသားအချို့ဟာ မင်းဘူးမြို့နယ်ဘက်ကတစ်ဆင့် ရခိုင်ပြည်နယ်ဘက်ကို နွားတွေကို ညစဉ်နီးပါ ခြေလျင်သယ်ယူနေတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

နွားတွေကို မင်းဘူးမြို့နယ် ရွာသာယာရွာဘက်ကနေ မကျီးသုံးပင်ရွာရဲ့တောင်ဘက် အဲဒီကတဆင့် ကျွန်းပြားရွာဘက်က တောလမ်းအတိုင်း ဆင်ကြီးရေပေါ်ရွာ၊ အဲဒီကတဆင့် ဆပ်ပြာရွာကတစ်ဆင့် ပုသိမ် -မုံရွာလမ်းအနောက်ဘက်ကိုကူးတဲ့ လမ်းအတိုင်း သယ်ယူနေကြတာလို့လည်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဆင်ကြီးရေပေါ်က ကျေးရွာသားတစ်ချို့ဟာ တစ်ညကို နွား ၁၀ ကောင်ကနေ ၁၅ ကောင်သယ်ယူတယ်လို့ သိရပြီး နွားတစ်ကောင်ချင်းစီရဲ့ ကိုယ်လုံးတွေမှာလည်း ငြုပ်သီးခြောက်အိပ်တွေပါ တွဲချည်ကာ သယ်ဆောင်ကြတယ်လို့လည်း ဆိုပါတယ်။

နွားတစ်ကောင်ရဲ့ စျေးနှုန်းဟာ မင်းဘူးနယ်အတွင်းမှာ နွားအရွယ်အစားအလိုက် သိန်း ၂၀ ကနေ သိန်း ၃၀ ဝန်းကျင်သာရှိပေမယ့် ရခိုင်ဘက်ကို ရောက်ရှိသွားရင်တော့ သိန်း ၁၀၀ ဝန်းကျင်အထိ စျေးကောင်းရကြတယ်လို့ သိရပါတယ်။

နွားသယ်ယူရာ လမ်းကြောင်းတလျောက်မှာ လက်နက်ကိုင်အဖွဲ့မျိုးစုံရဲ့ ဂိတ်တွေကို ဂိတ်ကြေးပေး ဖြတ်သန်းရပေမယ့် နွားဈေးဟာအဆမတန်ကွာခြားမှုကြီးမားတာကြောင့် အန္တရာယ်များစွာရှိတဲ့ကြားက နွားသယ်ယူမှုတွေရှိနေတာလို့  ဒေသခံတွေကပြောဆိုထားပါတယ်။

ဒေသခံအချို့ကတော့ နွားမျောခိုမှုတွေ လျော့ပါးပျောက်ကင်းဖို့အတွက် အာဏာပိုင်တွေက ထိရောက်တဲ့ စောင့်ကြည့်ထိန်းချုပ်မှုပြုလုပ်ဖို့လိုပြီး အခုလို မရှိသေးသရွေ့ ဒီလုပ်လုပ်ငန်းတွေ ဆက်လက်ရှိနေဦးမယ့်လို့ သုံးသပ်ထားကြပါတယ်။

#PAN