(ပြည်တွင်း) ဖေဖော်ဝါရီ ၇
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးရဲ့အမည်စာရင်းကို မနေ့က ထုတ်ပြန်ကြေညာပါတယ်။

အပိုင်းလိုက်ကျင်းပပြီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်း (၈) ပါပြဌာန်းချက်တွေနဲ့အညီ အမည်စာရင်းပေးပို့လာတဲ့ တပ်မတော်သားတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၁ အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာတဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ရဲ့စာရင်းအရ ဗိုလ်ချုပ်တစ်ဦး၊ ဗိုလ်မှူးချုပ် ၁၀ ဦး၊ ဗိုလ်မှူးကြီး ၁၈ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄၂ ဦး၊ ဗိုလ်မှူး ၂၇ ဦး ဗိုလ်ကြီး ၁၂ ဦးပါဝင်တာကိုတွေ့ရပါတယ်။
အဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄) ပုဒ်မ ၁၀၉ (ခ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ရဲ့ အမည်စာရင်းတင်သွင်းကို တင်သွင်းခွင့်ရှိထားပါတယ်။






#PAN