(မှုခင်း) ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ PDF အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သံဃာတော် တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၄ရက် နံနက် ၁၀ နာရီအချိန်တွင် ထားဝယ်မြို့နယ်၊ ဟိန္ဒားကျေးရွာသို့ PDFအကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ ချမ်းမြေ့ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါဘုန်းကြီးကျောင်းမှ သံဃာတော် ဥူးပညာ သက်တော်(၄၆)နှစ်၊ ဝါတော် (၃)ဝါတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိသည့် သံဃာတော်အား ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများအား ဒေသခံပြည်သူများက လုံးဝ လက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
