ရုရှားနိုင်ငံသားတစ်ဦးအပါဝင် ပြည်ပနိုင်ငံသား သုံးဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေး

(ပြည်တွင်း) ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဆီရီရာလီရွန်နိုင်ငံသား နှစ်ဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား သုံးဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၃ရက်နေ့က ရုရှားတစ်ဦးနှင့် ဆီရီရာလီရွန်နိုင်ငံသား နှစ်ဦးအား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှတာဝန်ရှိသူများက ထိုင်းနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ Counsellor  Mr. Ilyn Ilia နှင့် တာဝန်ရှိသူများ၊ ဆီရီရာလီရွန်နိုင်ငံမှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။

နိုင်ငံတော်အနေဖြင့်   Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ   ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့   အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။