



(ပြည်တွင်း) ဇန်နဝါရီ ၃
ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ဖို့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တဲ့ မော်လမြိုင်မြို့က နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲဟာ စည်ကားသိုက်မြိုက်စွာနဲ့ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မော်လမြိုင်မြိုရဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်မှာ ပန်းဘဲတန်းရပ်ကွက်က စတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ဖို့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာ ဖြစ်ပြီး ယခင်ကာလအချိန်တုန်းက အထမ်းဖြင့်ဘုရားတွေကို လှည့်လည်ပူဇော်ခဲ့ကြကာ ၁၉၄၆ ခုနှစ်က စတင်ပြီး မော်လမြိုင် အမတ်သခင်သင်းလှိုင်က ဦးစီးပြီး မြိုလုံးကျွတ် လှည့်လည်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့တာလို့ သိရှိရပါတယ်။
(၉၄)ကြိမ်မြောက်နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ ထမရက်အဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းကစတင်ကာ မြို့တွင်းလမ်းတစ်လျောက် သတ်မှတ်ထားတဲ့ လမ်းတွေအတိုင်း ကျောက်တန်းရပ်ကွက်ကနေ အောက်လမ်းမကြီး တစ်လျောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်ထိ ဒုတိယရက်ကိုတော့ ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်း စျေးကြိုအဝိုင်းမှ မီးရထားဘူတာထိ၊ တတိယရက်အဖြစ် ဇေယျာသီရီရပ်ကွက်လမ်းမကြီးကနေ ဒေါ်လန်းရပ်အထိ၊ စတုတ္ထရက်နေ့မှာတော့ သာသနာ့ဗိမာန်တော်ကြီးကနေ ကျိုက်သုတ်ဘုရားအထိလှည့်လည် ပူဇော်ကြပါတယ်။
(၉၄)ကြိမ်မြောက်နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေလည်း ဖူးမြှော်ကြည်ညိုခဲ့ကြသလို နှစ်ကျိပ်ရှစ်ဆူဘုရားရှင်တွေ ဒေသစာရီကြွချီပူဇော်ပွဲမှာ ကြည်ညိုဖွယ်ကောင်းအောင် ပင့်ဆောင်ပူဇော်ကြတဲ့ ယာဉ်တွေကို ပထမ၊ ဒုတိယ၊ တတိယ၊ ကြိုးစားအားထုတ်မှုဆုတွေချီးမြှင့်ခဲ့ကြသလို အထူးဆုရရှိတဲ့ ရပ်ကွက်ဥပဿကာအဖွဲ့တွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။