လူ ၁၅ ဦး လိုက်ပါလာတဲ့ ကိုလံဘီယာလေယာဉ်ပျက်ကျမှု လေယာဉ်ပေါ်ပါသူအားလုံး အသက်ရှင်သူ မရှိ

(နိုင်ငံတကာ) ဇန်နဝါရီ ၂၉

ဇန်နဝါရီ ၂၈ ရက်နေ့က ပျက်ကျသွားတဲ့ ကိုလံဘီယာလေယာဉ်မှာလိုက်ပါလာတဲ့ခရီးသည် ၁၅ ဦးလုံး သေဆုံးခဲ့ရတယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ကြေညာပါတယ်။

ကိုလံဘီယာနိုင်ငံပိုင် လေကြောင်းလိုင်း Satena ရဲ့ Beechcraft 1900 အမျိုးအစား လေယာဉ်ဟာ ဇွဲလားနယ်စပ်အနီး တောင်တန်းဒေသမှာ ဇန်နဝါရီ ၂၈ ရက်နေ့က ပျက်ကျသွားတာဖြစ်တယ်လို့သိရပြီး Beechcraft 1900 အပျက်အစီးများကို ဒေသခံများနှင့် အမျိုးသားရဲတပ်ဖွဲ့တို့က ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ပိုင်း Norte de Santander ဒေသမှာ တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဒေသတွင်းမီဒီယာတွေကို ပြောပါတယ်။

အဆိုပါ လေယာဉ်ဟာ ပြည်တွင်းလေကြောင်းခရီးစဉ် အမှတ် NSE 8849 အဖြစ် ပျံသန်းပြေးဆွဲနေတာ ဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းဟာ Cucuta ကနေ Ocana ကို ပျံသန်းတာြဖစ်ပါတယ်။

လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၂ မိနစ်မှာ ထွက်ခွာခဲ့ပြီး ၁၁ နာရီ ၅၄ မိနစ်မှာ လေကြောင်းသွားလာရေး ထိန်းချုပ်သူတွေနဲ့ နောက်ဆုံး ဆက်သွယ်မှုရှိခဲ့တယ်လို့ လေကြောင်းလိုင်းက ကြေညာပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၃ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၂ ဦး လိုက်ပါသွားတယ်လို့လည်း သိရပါတယ်။