မြိတ်မြို့နယ်မှာ နေရောင်ခြည်စွမ်းအင်သုံး ၂၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မယ့် စီမံကိန်းတစ်ခု တည်ဆောက်မယ်

(ပြည်တွင်း) ဇန်နဝါရီ ၂၇

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုမှာ နေရောင်ခြည်စွမ်းအင်သုံး ၂၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မယ့် စီမံကိန်းတစ်ခု ပြုနေပါတယ်၊
ဒီစီမံကိန်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ Southern Green Power Co.,Ltd တို့အကြားပြုလုပ်တာဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း စီမံကိန်းနဲ့စပ်လျဉ်းပြီး တည်ဆောက်၊ ပိုင်ဆိုင်၊ လုပ်ကိုင်ခြင်းဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်မှုကိုတော့ ဒီနေ့ မနက် ၁၀ နာရီခန့်က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီးကို မဟာဓာတ်အားလိုင်း မရောက်ရှိသေးတာကြောင့် ခရိုင်/မြို့နယ်အလိုက် လျှပ်စစ်မီးရရှိရေးအတွက်ကြိုးစားဆောင်ရွက်နေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ၂၀၁၀ ပြည့်နှစ်ကစတင်ကာ လျှပ်စစ်မီးရရှိရေး ကြိုးစားဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဒီနေ့ပြုလုပ်တဲ့ လက်မှတ်ရေးထိုးတဲ့အခမ်းအနားမှာ ပြောပါတယ်။

ထားဝယ်အနေနဲ့ ဂက်စ်ရရှိတဲ့အတွက်ကြောင့် ယခုအခါမှာ လျှပ်စစ်ဓာတ်အားခဈေးနှုန်းသက်သာပြီး မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်းမြို့နယ်တွေမှာ လျှပ်စစ်မီးအပြည့်အဝရရှိပေမယ့် ဓာတ်အားခဈေးနှုန်းအနည်းငယ်မြင့်တက်နေတာကြောင့် တိုင်းဒေသကြီးမှာရှိတဲ့ အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုတွေ နှောင့်နှေးခဲ့ရတယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုပါတယ်။

ဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ခရိုင်၊ မြို့နယ်တွေမှာ ၂၄ နာရီ လျှပ်စစ်မီးအပြည့်အဝရရှိရေးနဲ့ ယူနစ်ဈေးနှုန်းသက်သာအောင် ဆောင်ရွက်နေပြီး မြိတ်မြို့နယ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုလာနဲ့နေအိမ်တွေကို မျှဝေသုံးစွဲနိုင်အောင်ဆောင်ရွက်ခဲ့တာကြောင့်အချို့နေရာတွေမှာ ဈေးနှုန်းသက်သာခဲ့တယ်လို့လည်း ဆိုပါတယ်။

ကော့သောင်းမြို့နယ်မှာ ၁၀ မဂ္ဂါဝပ် မီးအပြည့်အဝရရှိရေးနဲ့ ယူနစ်ဈေးနှုန်းသက်သာအောင် ကြိုးစားဆောင်ရွက်နေပြီး မြိတ်မြိုနယ်မှာင်လည်း ဒီဇယ်နဲ့ဆောင်ရွက်ထားတာတွေရှိပြီး ယူနစ်ဈေးနှုန်းလျော့ချနိုင်ဖို့အတွက် ဆိုလာနည်းပညာနဲ့ ၂၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်အောင် ဆောင်ရွက်ထားတယ်လို့လည်း ပြောပါတယ်။

မီးသုံးစွဲသူပြည်သူတွေကို ၂၀ မဂ္ဂါဝပ်နဲ့ နေ့ဘက်မှာ လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့် ဖြူးပေးနိုင်ပြီး မြိတ်မြို့နယ်မှာ စက်မှုလက်မှုလုပ်ငန်းများပြားကာ ရေခဲစက်ရုံ၊ ငါးမှုန့်စက်ရုံ၊အအေးခန်းအပါအဝင်ကျန်ရှိတဲ့ ရေထွက်ကုန်နဲ့ပတ်သက်ပြီး ဆောင်ရွက်ထားတယ်လို့လည်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။